မန်စီးတီးကနေ ဘာစီလိုနာအသင်းဆီ တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားနေတဲ့ နောက်ခံအစွန်လူ ဂျာအို ကန်ဆယ်လိုက မန်စီးတီးနည်းပြ ပက်ပ် ဂွာဒီယိုလာက သူ့အကြောင်း လိမ်ပြောခဲ့ပြီး မန်စီးတီးကလည်း သူ့ကို ကျေးဇူးကန်းခဲ့တယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ပေါ်တူဂီ လက်ရွေးစင် full-back ကစားသမား ကန်ဆယ်လိုဟာ မန်စီးတီးနည်းပြ ဂွာဒီယိုလာနဲ့ အဆင်မပြေမှုတွေကြောင့် ပြီးခဲ့တဲ့ ဘောလုံးရာသီ လက်ကျန်ရာသီဝက်မှာပဲ ဘိုင်ယန်အသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ခဲ့ရသလို ဒီရာသီမှာလည်း ဘာစီလိုနာအသင်းဆီ အငှားနဲ့ သွားရောက် ကစားခဲ့ရပါတယ်။

Photo Credit : Football365

တကယ်တော့ ကန်ဆယ်လိုဟာ မန်စီးတီးရဲ့ အရေးပါလှတဲ့ ကစားသမား ဖြစ်သလို အခုလို အငှားထွက် မကစားရခင်တုန်းကလည်း အသင်းနဲ့ စာချုပ်သက်တမ်းပါ တိုးမြှင့်ထားသူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ကန်ဆယ်လိုဟာ စီးတီးကနေ သေချာပေါက် ရောင်းချခံရဖွယ်လည်း ရှိနေပါတယ်။

ဒီလို အသင်းကနေ အငှားနဲ့ ထွက်ခွာချိန်မှာပဲ ကန်ဆယ်လိုက စီးတီးရဲ့ ပွဲထွက်ကစားသမားစာရင်းကနေ ချန်လှပ်ခံရချိန် သူရဲ့အပြုအမှုတွေဟာ ဂွာဒီယိုလာအတွက် မနှစ်သက်စရာတွေ ဖြစ်နေရတာမို့ နှစ်ဦးကြားမှာ ဆက်ဆံရေး ပိုမို တင်းမာလာခဲ့ရပြီး အသင်းကပါ ထွက်ခွာခွင့်ပြုတဲ့အထိ ဖြစ်လာခဲ့တယ်လို့ သတင်းထွက်လာခဲ့ပါတယ်။

Photo Credit : Goal

“အလိမ်အညာတွေ ပြောခဲ့တယ်။ ကျွန်တော် ဘယ်တုန်းကမှ သူတို့အတွက် ဆိုးရွှားတဲ့ အသင်းဖော် မဖြစ်ခဲ့ဘူး။ ရီကိုနဲ့ နေသန်တို့ကိုတောင် မေးကြည့်နိုင်တယ်။ နောက်ပြီး သူတို့ကို နိမ့်ကျဆက်ဆံတာတွေ ဘဝင်မြင့်ပြီး ဆက်ဆံတာတွေလည်း မလုပ်ခဲ့ဘူး။ ဒါပေမယ့် နည်းပြကတော့ သူ့အမြင်နဲ့သူပေါ့လေ။ မန်စီးတီးကလည်း ကျွန်တော့်အပေါ် အနည်းလေးတော့ ကျေးဇူးကန်းတယ်လို့ ခံစားမိတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် အဲ့ဒီမှာ ရှိခဲ့စဉ်တုန်းက သူတို့အသင်းရဲ့ အရေးပါဆုံး ကစားသမား ဖြစ်ခဲ့တာပါ။ ကျွန်တော်က အသင်းအတွက် အမြဲတမ်းလည်း ပေးဆပ်ပြီး ကစားခဲ့တယ်။”

“ကျွန်တော့်အိမ်ကို ဖောက်ထွင်းခံရပြီး နောက်ရက်မှာပဲ အာဆင်နယ်နဲ့ပွဲကို ကျွန်တော် ဝင်ကစားခဲ့တယ်။ အဲ့ဒီတုန်းက ကျွန်တော့်ဇနီးနဲ့ သမီးက အိမ်မှာ ကြောက်လန့်တကြား ဖြစ်နေရတုန်းပဲ။ ဒါတွေကို ကျွန်တော်မမေ့ဘူး။ ဒါပေမယ့် လူတွေကတော့ ဂွာဒီယိုလာ ပြောတာကိုပဲ ယုံကြည်ပါလိမ့််မယ်။ သူ တစ်ခုခုပြောတဲ့အခါ ကျွန်တော့်ထက်လည်း အများကြီး ပိုအစွမ်းထက်တာဆိုတော့ ဒါကိုပဲ လူတွေက မှတ်မိကြမှာ။ ဒါပေမယ့် ကျွန်တော် အမှန်အတိုင်းကိုပဲ ပြောပြချင်ပါတယ်။ ကျွန်တော် မလိမ်ညာဘူး။” လို့ ကန်ဆယ်လိုက ဖွင့်ဟသွားခဲ့ပါတယ်။