လာမယ့် စက်တင်ဘာ ၂၂ ရက်နေ့ မှာ ချီးမြှင့်မယ့် ဘာလွန်းဒေါဆုပေးပွဲ နီးကပ်လာချိန်မှာပဲ ပီအက်စ်ဂျီအသင်းရဲ့ အားကစားဒါရိုက်တာ လူးဝစ် ကမ်ပိုစ်က သူ့ရဲ့ တောင်ပံတိုက်စစ်ကစားသမား အူစမန် ဒမ်ဘီလီသာ ဒီဆုကို မရခဲ့ဘူးဆိုရင် ရာဇဝတ်မှု မြောက်လိမ့်မယ်လို့ ပြင်းပြင်းထန်ထန် ကြွေးကြော်ပြောကြားလိုက်ပါတယ်။

RMC Sport နဲ့ တွေ့ဆုံရာမှာ ကမ်ပိုစ်က ပြီးခဲ့တဲ့ရာသီက အသင်းရဲ့ သမိုင်းဝင် ချန်ပီယံလိဂ်အောင်မြင်မှုနဲ့ ဒမ်ဘီလီရဲ့ အခန်းကဏ္ဍကို အလေးပေးပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ “ပီအက်စ်ဂျီအသင်းမှာ ဘာလွန်းဒေါဆုအတွက် ဆန်ခါတင်စာရင်းဝင် (၉)ယောက်တောင် ရှိပါတယ်။ ဒါပေမဲ့ ဒမ်ဘီလီက ချန်ပီယံလိဂ်ရဲ့ အကောင်းဆုံးကစားသမား၊ လိဂ်ရဲ့ အကောင်းဆုံးကစားသမားဖြစ်ခဲ့တယ်။ သူ အရာအားလုံးကို ဆွတ်ခူးနိုင်ခဲ့တယ်။ သူ့နာမည်သာ မက်ဆီ ဒါမှမဟုတ် ရော်နယ်ဒို ဖြစ်ခဲ့မယ်ဆိုရင် အငြင်းပွားစရာတောင် ရှိမှာမဟုတ်ဘူး။” လို့ ကမ်ပိုစ်က ဆိုပါတယ်။

Photo Credit : Goal

ဒမ်ဘီလီကို မျက်ကွယ်ပြုမယ့် မဲပေးသူတွေနဲ့ ပတ်သက်ပြီး ကမ်ပိုစ်က အခုလို အပြင်းအထန် ဝေဖန်ခဲ့ပါတယ်။ “သူသာ ဒီဆုကို မရခဲ့ဘူးဆိုရင် မဲပေးတဲ့သူတွေက ဘာလွန်းဒေါဆုရှင်ကို ရွေးချယ်ဖို့ အရည်အချင်းမရှိလို့ပဲ။ ကျွန်တော်ပြောနေတာ ပြီးခဲ့တဲ့ရာသီအကြောင်းပါ။ လာမင်း ယာမယ်လ်လို အနာဂတ်အလားအလာရှိတဲ့ ကစားသမားတွေအကြောင်း မဟုတ်ဘူး။ စာရင်းဇယားတွေနဲ့ ပြိုင်ပွဲအားလုံးပေါ်က သက်ရောက်မှုတွေကိုကြည့်ရင် ဒမ်ဘီလီက အထင်ရှားဆုံးပဲ။” လို့ ဆိုခဲ့ပါတယ်။

ကမ်ပိုစ်က ဂိုးသမား ဂျန်လုဂျီ ဒွန်နာရမ်မာ မန်စီးတီးကို ပြောင်းရွှေ့သွားခဲ့တဲ့အပေါ်မှာလည်း ပီအက်စ်ဂျီအသင်းရဲ့ ပြောင်းလဲလာတဲ့ ဒဿနိကဗေဒကို ထင်ဟပ်စေတယ်လို့ ရှင်းပြခဲ့ပါတယ်။ “ဒွန်နာရမ်မာက လက်ရှိ ပီအက်စ်ဂျီရဲ့ မူဝါဒနဲ့မဟုတ်ဘဲ အရင်က ပီအက်စ်ဂျီရဲ့ လစာနှုန်းထားမျိုးကို တောင်းဆိုခဲ့တယ်။ ကျွန်တော်တို့က ခြေစွမ်းပေါ်မူတည်တဲ့ မူဝါဒကိုပဲ ဆက်ကိုင်စွဲထားမှာပါ။ ခင်ဗျား ထိုက်တန်မှ ပိုရမှာပါ။ အခုချိန်မှာ အသင်းရဲ့ ကြယ်ပွင့်က ကလပ်အသင်းကိုယ်တိုင်ပါပဲ” လို့ ကမ်ပိုစ်က ဆိုပါတယ်။

Photo Credit : Football365

ကမ်ပိုစ်က နည်းပြ လူးဝစ် အန်းနရီကေးကို ခန့်အပ်ခဲ့တာဟာ ပီအက်စ်ဂျီမှာ သူပြုလုပ်ခဲ့တဲ့ အကောင်းဆုံးဆုံးဖြတ်ချက်ဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။ “သူနဲ့ ဘာစီလိုနာမှာ ပထမဆုံးအကြိမ်တွေ့ဆုံပြီး မိနစ်ပိုင်းအတွင်းမှာပဲ သူက လူမှန်မှန်း ကျွန်တော်သိလိုက်တယ်။ နေမာကို ‘မင်းထွက်သွားတာ အကောင်းဆုံးပဲ’ လို့ မျက်နှာချင်းဆိုင် ပထမဆုံးပြောခဲ့တဲ့သူက လူးဝစ် အန်းနရီကေးပါပဲ။ သူ့ရဲ့ ဒဿနိကဗေဒက အစုအဖွဲ့လိုက် စိတ်ဓာတ်ကိုပဲ အဓိကထားတာပါ” လို့ ကမ်ပိုစ်က ဖွင့်ဟခဲ့ပါတယ်။