စပိန်လာလီဂါ ထိပ်သီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ လူငယ် ကွင်းလယ်ကြယ်ပွင့် ကာမာဗင်ဂါကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ် ၄-၀ အယ်လ်ချီ ပွဲအပြီးမှာ သူတို့အသင်းဟာ အဆင့်(၁)နေရာမှာ ရှိနေတဲ့ ဘာစီလိုနာနဲ့ ရမှတ် ၈မှတ် အထိ ကွာနေပေမယ့် လိဂ်ချန်ပီယံဆု အတွက် လက်မလျှော့သေးပဲ အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့ ကြွေးကြော်သွားခဲ့ပါတယ်။

လာလီဂါရဲ့ လက်ရှိ ချန်ပီယံ ရီးရဲလ်မက်ဒရစ်က ယခုနှစ် ဘောလုံးရာသီမှာ ယခင်နှစ်လို တည်ငြိမ်တဲ့ ခြေစွမ်းမျိုး ပြသနိုင်ဖို့ ရုန်းကန်နေရပြီး လာလီဂါ ပွဲစဉ်(၂၁) အပြီးမှာ ၁၅ပွဲနိုင် ၊ ၃ပွဲသရေ ၊ ၃ပွဲရှုံး ဆိုတဲ့ ရလဒ်နဲ့အတူ ရမှတ် ၄၈မှတ်သာ စုဆောင်းထားနိုင်ကာ ဇယားထိပ်မှာ ရှိနေတဲ့ ဘာစီလိုနာနဲ့ ရမှတ် ၈မှတ် အထိ ကွာဟနေပါတယ်။

Photo Credit: Marca

ဒါ့အပြင် ရီးရဲလ်မက်ဒရစ်က စပိန်စူပါဖလား ဗိုလ်လုပွဲမှာလည်း ခါးသီးပြိုင်ဘက် ဘာစီလိုနာကို ၁-၃ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် ခြေပြတ် အရေးနိမ့်ကာ စပိန်စူပါဖလားကို လက်လွှတ်ထားရပါသေးတယ်။

ဒါကြောင့်ပဲ ယခုနှစ် ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ အကြား ကြီးမားတဲ့ ပြိုင်ဆိုင်မှုတွေ ရှိနေပြီး ယနေ့မနက် အစောပိုင်းမှာ လာလီဂါ ပွဲစဉ်(၂၁) အဖြစ် အယ်လ်ချီနဲ့ ယှဉ်ပြိုင် ကစားခဲ့ရာ ၄-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်ရဲ့ ကွင်းလယ်ကြယ်ပွင့် တဦး ဖြစ်သူ ကာမာဗင်ဂါက သူတို့အသင်းဟာ လာလီဂါချန်ပီယံဆုကို လက်မလွှတ်သေးပဲ အဆုံးအထိ တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားကြောင်းနဲ့ ရမှတ် ၈မှတ် သာနေတဲ့ ဘာစီလိုနာကို ကျော်ဖြတ်ဖို့ ဆိုတာဟာ မဖြစ်နိုင်တဲ့ အရာတခု မဟုတ်တာကြောင့် ကျော်ဖြတ်ဖို့ ကြိုးစားသွားမယ်လို့ ဆိုလာပါတယ်။

Photo Credit: Marca

ကာမာဗင်ဂါက – “ရီးရဲလ်မက်ဒရစ် အတွက် မဖြစ်နိုင်ဘူး ဆိုတဲ့ အရာမျိုး မရှိပါဘူး။ ဒါကိုလည်း ကျွန်တော်တို့က ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သက်သေပြခဲ့ပြီးပါပြီ။ ကျွန်တော်တို့က လာလီဂါ ချန်ပီယံဆု အတွက် နောက်ဆုံးချိန် အထိ တိုက်ပွဲဝင်သွားမှာပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်က ဘာစီလိုနာနဲ့ ရမှတ် ၈မှတ် အထိ ကွာဟနေသလို ဘာစီလိုနာဟာ ယခုနှစ်ရာသီ လာလီဂါရဲ့ တိုက်စစ်အကောင်းဆုံးနဲ့ ခံစစ်အကောင်းဆုံးအသင်း ဖြစ်နေတာကြောင့် ရီးရဲလ်မက်ဒရစ်အနေနဲ့ ဘာစီလိုနာကို ကျော်ဖြတ်နိုင်ဖို့ ဆိုရင် နိုင်ပွဲတွေ ဆက်တိုက် ရယူနိုင်ဖို့ လိုအပ်နေပါတယ်။