ရီးရဲလ် မက်ဒရစ် နောက်ခံကစားသမား အန်တိုနီယို ရူဒီဂါရဲ့ ကိုပါဒယ်လ်ရေး ဗိုလ်လုပွဲ နောက်ဆုံးမိနစ်များအတွင်းက ကွင်းလယ်ဒိုင်အပေါ် ဒေါသတကြီး ပြုမူခဲ့တဲ့ အပြုအမူကြောင့် သူ့ကို ဂျာမနီ လက်ရွေးစင်အသင်းကနေ ထုတ်ပယ်သင့်တယ်လို့ ဂျာမန်ဘောလုံး ပရိသတ်တွေနဲ့ ကျွမ်းကျင်သူအချို့က တောင်းဆိုမှုတွေ ပြုလုပ်နေကြပါတယ်။
စနေနေ့က ဘာစီလိုနာကို ရှုံးနိမ့်ခဲ့တဲ့ ကိုပါဒယ်လ်ရေး ဗိုလ်လုပွဲမှာ ရူဒီဂါဟာ ပွဲပြီးခါနီးမှာ ရီးရဲလ်ဘက်ကို ပြစ်ဒဏ်ဘော သတ်မှတ်ခဲ့တဲ့ ဒိုင်လူကြီး ရီကာဒို ဒီ ဘားဂို့စ် ဘန်ဂိုအက်ချီယာဘက်ကို ပစ္စည်းတစ်ခုနဲ့ ပစ်ပေါက်ခဲ့တာကြောင့် အနီကတ် တိုက်ရိုက်ပြသကာ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒီဖြစ်ရပ်မတိုင်ခင်မှာ ရူဒီဂါဟာ လူစားလဲခံထားခဲ့ရပြီး ဖြစ်ပေမယ့် အရန်ခုံကနေ ထလာပြီး အခုလို ပြုမူခဲ့တာ ဖြစ်ပါတယ်။ ဒီလုပ်ရပ်အတွက် သူဟာ ပြင်းထန်တဲ့ ပွဲပယ်ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။
Photo Credit : Metro
ဖီဖာဒိုင်လူကြီးဟောင်းဖြစ်ပြီး လက်ရှိ ဂျာမန်သတင်းဌာန BILD မှာ ဘောလုံးပွဲ သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ သော်စတင် ကင်ဟိုဖာက ရူဒီဂါရဲ့ အပြုအမူဟာ နိုင်ငံအတွက် အရှက်ရဖွယ် ဖြစ်တယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ ဒါ့အပြင် ဂျာမနီ လက်ရွေးစင်အသင်းနည်းပြ ဂျူလီယန် နာဂယ်လ်စ်မန်းအနေနဲ့ ဒီလို စိတ်ဓာတ်မျိုးရှိတဲ့ ကစားသမားကို လက်ရွေးစင်အသင်းမှာ ဆက်လက်ကိုယ်စားပြုခွင့် ပေးသင့် မပေးသင့် ပြန်လည် စဉ်းစားဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
ဒါ့အပြင် BILD သတင်းဌာနရဲ့ စစ်တမ်းအရ မဲပေးခဲ့တဲ့ စာဖတ်သူ (၁၈၀၀၀) ကျော်ရဲ့ (၇၈)% ဟာ ချယ်လ်ဆီး နောက်ခံလူဟောင်း ရူဒီဂါကို ဂျာမနီ လက်ရွေးစင်အသင်းအတွက် ဆက်လက် မကစားစေသင့်တော့ဘူးလို့ အမြင်ရှိကြပါတယ်။ စာဖတ်သူ (၂၀)% ကသာ ဒီအပြုအမူကြောင့် သူ့ရဲ့ လက်ရွေးစင် ကစားသမားဘဝကို မထိခိုက်သင့်ဘူးလို့ ယူဆကြပြီး (၂)% ကတော့ ဘယ်လိုဆုံးဖြတ်သင့်တယ်ဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ ဖြေဆိုခဲ့ကြပါတယ်။
Photo Credit : CBS Sports
ဂျာမနီ လက်ရွေးစင်အသင်းရဲ့ အားကစားဒါရိုက်တာ ရူဒီ ဗော်လာကတော့ ကိုပါဒယ်လ်ရေး ဗိုလ်လုပွဲက ရူဒီဂါရဲ့ လုပ်ရပ်ကို လူသိရှင်ကြား ဝေဖန်ခဲ့ပေမယ့် ဒီကိစ္စကြောင့် လက်ရွေးစင်အသင်းမှာ သူ့ရဲ့ရပ်တည်မှုကို ထိခိုက်ဖွယ် မရှိဘူးလို့ အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။ ရူဒီဂါကိုယ်တိုင်ကလည်း ဗော်လာနဲ့ နည်းပြ နာဂယ်လ်စ်မန်းတို့ကို ဆက်သွယ်ပြီး အခြေအနေကို ရှင်းပြခဲ့တယ်လို့လည်း ဗော်လာက ထုတ်ဖော်ခဲ့ပါတယ်။ ဗော်လာက “တိုနီ (ရူဒီဂါ)ဟာ ထိပ်တန်း ကစားသမားတစ်ယောက်ပါ။ ဒါပေမယ့် လက်ရွေးစင် ကစားသမားတစ်ယောက်အနေနဲ့ သူ့ရဲ့ အပြုအမူပိုင်းမှာလည်း အဆင့်အတန်းရှိဖို့ လိုပါတယ်။”
“သူက သူ့ကိုယ်သူ လေးစားမှု တောင်းဆိုသလိုပဲ၊တခြားသူတွေကိုလည်း ခြွင်းချက်မရှိ အဲဒီလို လေးစားမှုမျိုး ပြသရပါမယ်။ ဒီဖြစ်ရပ်မှာတော့ သူနဲ့ အသင်းဖော်တချို့ဟာ ပွဲမစခင်ကတည်းက နားမလည်နိုင်လောက်အောင် အရှိန်မြင့်နေတတ်တဲ့ ကလပ်ပွဲတွေရဲ့ အငွေ့အသက်ထဲမှာ စိတ်လိုက်မာန်ပါ ပြုမူခဲ့ကြတယ်။ ဒါဟာ လက်ခံနိုင်စရာမရှိပါဘူး။ အထူးသဖြင့် ဂျာမန်လက်ရွေးစင် ကစားသမားတစ်ယောက်အတွက်ပေါ့။ တိုနီက ကျွန်တော်နဲ့ ဂျူလီယန် (နာဂယ်လ်စ်မန်း)ကို ဆက်သွယ်ခဲ့ပြီး ဒီအခြေအနေနဲ့ ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပါတယ်” လို့ SID သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ရူဒီဂါဟာ ဒီအပြုအမူအတွက် စပိန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ပြင်းထန်တဲ့ ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး စပိန်မီဒီယာတွေရဲ့ ဖော်ပြချက်အရ (၄)ပွဲကနေ (၁၂)ပွဲအထိ ပွဲပယ်ခံရနိုင်တယ်လို့ ရီးရဲလ်အတွက် ရာသီကုန်အထိ လွဲချော်သွားနိုင်ပါတယ်။