ဘိုလော့ဂ်နာအသင်းရဲ့ အီတလီ ခံစစ်ကစားသမားလေး ရီကာဒို ကာလာဖီအိုရီဟာ လက်ရှိမှာတော့ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတဲ့ ကလပ်အသင်းတွေထဲကမှ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ဖို့ အနီးစပ်ဆုံး အခြေအနေကို ရောက်နေပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အသက် (၂၂)နှစ်အရွယ် ဗဟိုခံစစ်ကစားသမား ကာလာဖီအိုရီဟာ လက်ရှိ ကျင်းပနေဆဲဖြစ်တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာပဲ တောက်ပလာခဲ့တာ ဖြစ်ပါတယ်။ ယူရို-၂၀၂၀ရဲ့ ချန်ပီယံ အီတလီအသင်းက ယူရို-၂၀၂၄မှာ ရှုံးထွက် (၁၆)သင်းအဆင့်ထိသာ တက်လှမ်းနိုင်ခဲ့ရပေမယ့် အီတလီနဲ့အတူ ယူရိုပြိုင်ပွဲကို ဝင်ရောက် ဆင်နွဲခွင့် ရရှိခဲ့တဲ့ ကာလာဖီအိုရီကတော့ ဒီပြိုင်ပွဲအတွင်းမှာပဲ သူရဲ့ အရည်အသွေးတွေကို အကောင်းဆုံး ထုတ်ဖော် ပြသနိုင်ခဲ့တာကြောင့် အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ရရှိလာခဲ့ရပါတယ်။

Photo Credit : talkSPORT

ကာလာဖီအိုရီကို သူရဲ့ ဆရာသမားဟောင်း သီယာဂို မော့တာ ကိုင်တွယ်နေတဲ့ ဂျုဗင်တပ်စ်အသင်းနဲ့အတူ ရီးယဲလ်မက်ဒရစ် ဘာစီလိုနာ လေဗာကူဆင်တို့အပြင် လီဗာပူးလ် အာဆင်နယ် ချယ်လ်ဆီးတို့လို ပရီးမီးယားလိဂ် ကလပ်အသင်းတွေကပါ အပြိုင်အဆိုင် စိတ်ဝင်စားလာကြပြီး မော့တာရဲ့ ဂျုဗင်တပ်စ်ဆီပဲ ပြောင်းလိမ့်မယ်လို့ ထင်မှတ်ခဲ့ကြပါတယ်။

ဒါပေမယ့် လက်ရှိအချိန်ထိ ကစားသမားဆီကို အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့ရဲ့ ကမ်းလှမ်းချက် (၂)ခုသာ ရောက်ရှိထားတာဖြစ်ပြီး အာဆင်နယ်ကတော့ ကာလာဖီအိုရီကို သူနဲ့ ပတ်သက်ပြီး အသင်းဘက်ကနေ စီစဉ်ထားတဲ့ နှစ်ရှည်စာချုပ်နဲ့ အသင်းရဲ့ အနာဂတ် စီမံကိန်းတွေ ချပြကာ ကမ်းလှမ်းထားတာ ဖြစ်သလို ကစားသမားဘက်ကလည်း ဒီကမ်းလှမ်းမှုအပေါ် စိတ်ဝင်စားနေပါတယ်။

Photo Credit : Goal

ကာလာဖီအိုရီဟာ ဗဟိုခံစစ်မှာ ကစားသူ ဖြစ်ပေမယ့်လည်း ခံစစ်ဘယ်ခြမ်းအပြင် ကွင်းလယ်ဘယ်ခြမ်းအထိပါ ကစားနိုင်သူဖြစ်လို့ ဇင်ချန်ကို ခီဗီယောတို့ကို လက်လွတ်ဖွယ် ရှိနေတဲ့ အာဆင်နယ်အတွက် ဘယ်ခြမ်းနေရာကို ကစားသမားသစ်တစ်ဦးနဲ့ ဖြည့်တင်းနိုင်မယ့် အခြေအနေမှာ ရှိနိုင်ပါတယ်။ လက်ရှိ အနေအထားတွေအရတော့ အာဆင်နယ်က ကစားသမားနဲ့ အဆင်ပြေနေပြီဖြစ်လို့ အပြောင်းအရွှေ့ ဖြစ်လာဖို့အတွက် ဘိုလော့ဂ်နာနဲ့သာ ဆက်လက် ဆွေးနွေးရနိုင်ပါတယ်။

အာဆင်နယ်အနေနဲ့ ကာလာဖီအိုရီအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း(၅၀)ကနေ (၅၅)သန်းဝန်းကျင်လောက်နဲ့ ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ ရှိနေပြီး အာဆင်နယ်နဲ့ ဘိုလော့ဂ်နာတို့ကြားမှာလည်း တိုမီယာစု အပြောင်းအရွှေ့တုန်းက ဆက်ဆံရေးကောင်းတွေ ရှိခဲ့တာကြောင့် မော့တာရော ကာလာဖီအိုရီကိုပါ ဂျုဗင်တပ်စ်ဆီ လက်လွတ်မယ့်အစား အာဆင်နယ်အသင်းဆီကိုသာ ရောင်းချသွားနိုင်ပါတယ်။