ဘရိုက်တန်အသင်းရဲ့ ကွင်းလယ်ကစားသမား မွိုက်စ်ကိုင်စီဒိုက ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ဈေးကွက်အတွင်း အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ဖို့ အလွန် နီးစပ်ခဲ့ကြောင်း ဝန်ခံ ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Football Transfers

“ကျွန်တော် အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖို့ အရမ်း နီးစပ်ခဲ့တာမို့ ကျွန်တော် အများကြီး ခံစားရပါတယ်။ သူတို့အသင်းမှာ ငယ်ရွယ်ပြီး အရည်အချင်းရှိတဲ့ ကစားသမားတွေ ကြယ်ပွင့်တွေ ရှိနေတာကြောင့် သဘောကျမိတယ်။ ဒါပေမယ့် သူတို့မှာ ဒီလို ကစားသမားတွေ ဘယ်လိုပဲ ရှိနေပစေ နောက်ထပ် ကစားသမားတွေကိုလည်း အမြဲ ခေါ်ယူ အားဖြည့်ချင်တယ်။ ကျွန်တော့်အနေနဲ့ ဒီထက်မက အခွင့်အရေးတွေ အများကြီး ရလာလိမ့်မယ်ဆိုတာ သေချာပါတယ်” လို့ ကိုင်စီဒိုက ဖွင့်ဟသွားခဲ့ပါတယ်။

Photo Credit : Football London

အီကွေဒေါ လက်ရွေးစင် ကွင်းလယ် ကြယ်ပွင့်ကစားသမား ကိုင်စီဒိုဟာ ဘရိုက်တန်ကို ရောက်ရှိပြီး သိပ်မကြာခင်မှာပဲ ထိပ်သီး ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကိုပါ ရရှိလာခဲ့သလို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးဆုံးချိန် ဇန်နဝါရီ ဈေးကွက်မှာပဲ သူ့ကို အာဆင်နယ် နဲ့ ချဲလ်ဆီးတို့က အပြိုင် ကြိုးပမ်းကြပါသေးတယ်။ ကစားသမားကိုယ်တိုင်ကလည်း သူရဲ့ ကစားသမားဘဝကို အဆင့်မြင့်တင်နိုင်ဖို့အတွက် အသင်းကြီး တစ်သင်းသင်းဆီ ပြောင်းရွှေ့ချင်ပေမယ့်လည်း ဘရိုက်တန်ဘက်က ကိုင်စီဒိုအတွက် တန်ကြေး မြင့်မားစွာ သတ်မှတ်မှုတွေကြောင့် ချဲလ်ဆီးက အန်ဇိုဖာနန်ဒက်ဇ်ကိုပဲ ခေါ်ယူလိုက်ပြီး အာဆင်နယ်ကလည်း ဂျော်ဂျင်ဟိုကိုသာ ခေါ်ယူခဲ့သလို နောက်ဆုံးမှာ ကိုင်စီဒိုလည်း ဘရိုက်တန်နဲ့ပဲ စာချုပ်သက်တမ်း တိုးမြှင့်လိုက်ရပါတယ်။

Photo Credit : Planet Football

ဒါပေမယ့် လက်ရှိမှာ အသက် (၂၁)နှစ်သာ ရှိသေးတဲ့ ကိုင်စီဒိုက ဘရိုက်တန်နဲ့ သက်တမ်းတိုးထားခဲ့သည်တိုင် သူရဲ့ အနာဂတ်ကို အပြောင်းအလဲ လုပ်ဆောင်ဖို့ ဆန္ဒရှိနေသေးပြီး လာမယ့်နွေမှာ သူ့ကို ဘယ်အသင်းတွေ ကမ်းလှမ်းလာဦးမလဲဆိုတာ စောင့်ဆိုင်းဖွယ် ရှိနေပါတယ်။ ဒါပေမယ့် ဘရိုက်တန်ဘက်ကတော့ သူတို့ရဲ့ ကြယ်ပွင့် ကစားသမားအတွက် အခုလို စာချုပ် သက်တမ်းတိုးထားပြီးချိန်မှာ ပြောင်းရွှေ့ကြေးအဖြစ် အနည်းဆုံး ပေါင်သန်း(၁၀၀)လောက် သတ်မှတ်ဖွယ် ရှိနိုင်ပါတယ်။