အခု ဆောင်းစျေးကွက် ပိတ်သိမ်းဖို့ ရက်ပိုင်းအလိုမှာ အာဆင်နယ်အသင်းက ဘရိုက်တန် ကွင်းလယ်လူ မွိုက်စ်ကိုင်စီဒိုကို ပြောင်းရွေ့ကြေး ပေါင်သန်း(၆၀)နဲ့ ကမ်းလှမ်းခဲ့ရာ ဘရိုက်တန်ဘက်က ပယ်ချခဲ့ပေမယ့် ကစားသမားကိုယ်တိုင်ကတော့ သူ့အတွက် မြင့်မားလွန်းတဲ့ ကမ်းလှမ်းမှုတွေ ရှိလာမယ်ဆိုရင် အဲ့ဒီ ကမ်းလှမ်းမှုတွေကို လက်ခံလိုက်သင့်တယ်လို့ ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Inside Sport

အခု စျေးကွက်ထဲ တိုက်စစ်ကစားသမား ထရိုဆက်ဒ်နဲ့ နောက်ခံလူ ခီဗီယောတို့ကို ခေါ်ယူအားဖြည့်ထားတဲ့ အာဆင်နယ်အသင်းဟာ လက်ရှိမှာလည်း အီကွေဒေါ ကွင်းလယ်ကစားသမားလေး ကိုင်စီဒိုကိုပါ ထပ်မံ လိုချင်နေပြန်ပြီး ကမ်းလှမ်းမှုလည်း လုပ်ဆောင်ထားခဲ့ပါတယ်။ ဒါပေမယ့် ဘရိုက်တန်ကတော့ သူတို့ရဲ့ အဓိက ကစားသမားဖြစ်သူ ကိုင်စီဒိုကို အခုစျေးကွက်ထဲမှာ မရောင်းချလိုတာကြောင့် အာဆင်နယ် ကမ်းလှမ်းမှုကို ငြင်းဆန်သွားခဲ့ပေမယ့် ကစားသမားကိုယ်တိုင်ကတော့ ပရီးမီးယားလိဂ်က ကလပ်အသင်းကြီး တစ်သင်းမှာ ပါဝင်ကစားခွင့်ရမယ့် အခွင့်အရေးမျိုးကို ရယူသွားချင်နေပြီး သူ့အတွက် ရရှိလာမယ့် မြောက်များစွာသော ပြောင်းရွေ့ကြေးတွေနဲ့လည်း အသင်းကို အကူအညီပေးသွားချင်တယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။

Photo Credit : 90Min

“ကျွန်တော်က အီကွေဒေါနိုင်ငံ ဆန်တာဒိုမင်ဂိုမြို့မှာ ဆင်းရဲနွမ်းပါးစွာ ကြီးပြင်းလာခဲ့တဲ့ မွေးချင်း (၁၀)ဦးထဲက အငယ်ဆုံးပါ။ ကျွန်တော့်ကို ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးဆီ ခေါ်ဆောင်လာပေးကြတဲ့ ဘရိုက်တန်က တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။ သူတို့တွေအတွက် ကျွန်တော့်ဘက်က အမြဲတမ်း အကောင်းဆုံး လုပ်ဆောင်ပေးခဲ့တယ်လို့ ခံစားမိပါတယ်။ ကျွန်တော်က ဘောလုံးကို နှလုံးသားနဲ့ အပြုံးတွေနဲ့ ကစားတယ်။ ကျွန်တော်ရဲ့အိမ်မက်က အီကွေဒေါ ဘောလုံးသမိုင်းမှာ အခမ်းနားဆုံး ကစားသမားတစ်ဦး ဖြစ်လာဖို့ပါ။ အခု ဘရိုက်တန်အသင်းအတွက် စံချိန်တင် ပြောင်းရွေ့ကြေးတစ်ခုကို သယ်ဆောင်မိလို့လည်း ဂုဏ်ယူမိပါတယ်။ အဲ့ဒီငွေကြေးတွေကနေ အသင်းက ပြန်လည် ရင်းနှီးမြှပ်နှံနိုင်မယ်။ အသင်းကို ဆက်လက် အောင်မြင်နိုင်အောင် အကူအညီပေးနိုင်မယ်။ ပရိသတ်တွေကလည်း သူတို့ နှလုံးသားထဲမှာ ကျွန်တော့်ကို နေရာပေးထားသလို ကျွန်တော့်နှလုံးသားထဲမှာလည်း ပရိသတ်တွေက အမြဲတမ်း ရှိနေမှာပါ။ ဒါကြောင့် ကျွန်တော် ဘာကြောင့် ခမ်းနားလှတဲ့ အခွင့်အရေးတွေကို ရယူသွားချင်နေလဲဆိုတာ ပရိသတ်တွေ နားလည်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဆိုပြီး ကိုင်စီဒိုက ဖွင့်ဟလာခဲ့ပါတယ်။