ချယ်လ်ဆီးအသင်းရဲ့ ဂန္ထဝင်နောက်ခံလူဟောင်း ဂယ်ရီ ကာဟေးလ်ဟာ ဒီနွေရာသီမှာ အစ်ပ်စ်ဝစ်ချ် တောင်းန်အသင်းကနေ ပေါင်သန်း(၃၀)နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှူးသစ် လီယမ် ဒီလက်ပ်ကို အထူးချီးကျူးလိုက်ပါတယ်။ ကာဟေးလ်က ဒီလက်ပ်ရဲ့ ကိုယ်ခန္ဓာကြံ့ခိုင်မှုနဲ့ အရည်အချင်းတွေကို ချီးကျူးခဲ့ပြီး သူဟာ ချယ်လ်ဆီးမှာ အောင်မြင်မယ့်သူဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဒီလူငယ်တိုက်စစ်မှူးဟာ အန်ဇို မာရက်စ်ကာရဲ့ ကလပ် ကမ္ဘာ့ဖလားပွဲစဉ်တွေမှာ ပုံမှန်ပွဲထွက်ကစားသမားတစ်ဦးအဖြစ် နေရာယူထားပြီးသား ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဒီနွေရာသီမှာ အသင်းကို အင်အားဖြည့်တင်းဖို့ ကစားသမားသစ်များစွာ ခေါ်ယူခဲ့ပေမဲ့ ဂယ်ရီ ကာဟေးလ်အတွက်တော့ ဒီလက်ပ် ဟာ အထင်ရှားဆုံး ကစားသမားတစ်ဦးဖြစ်ခဲ့ပါတယ်။ အစ်ပ်စ်ဝစ်ချ် တောင်းန်အသင်း တန်းဆင်းသွားခဲ့ပြီးနောက် ဒီလက်ပ်ဟာ စတမ်းဖို့ဒ်ဘရစ်ချ်ကို ရောက်ရှိလာခဲ့တာပါ။ ကာဟေးလ်က ဒီလက်ပ်ကို အထူးချီးကျူးခဲ့ပြီး အနောက်လန်ဒန်အခြေစိုက် ချယ်လ်ဆီးအသင်းမှာ ဒီလူငယ်လေး တောက်ပလာတာကို မြင်တွေ့ဖို့ စိတ်လှုပ်ရှားနေကြောင်း ပြောကြားခဲ့ပါတယ်။
Photo Credit : Chelsea FC
Mirror Sport နဲ့ BetMGM ရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့ရာမှာ အသက်(၃၉)နှစ်အရွယ် ကာဟေးလ်က”သိသာပါတယ်၊ အဓိက ကစားသမားကတော့ လီယမ် ဒီလက်ပ်ပါပဲ။ တိုက်စစ်မှူးတစ်ဦး ထပ်ထည့်ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ ပရီးမီးယားလိဂ်က တခြားအသင်းတွေလိုပဲ ဂိုးတွေရှာနေကြတာပဲ မဟုတ်လား။ ကိုးလ် ပါးလ်မားက နောက်ဆုံးရာသီအနည်းငယ်အတွင်း နံပါတ်(၁၀) ကွင်းလယ်လူတစ်ဦးအနေနဲ့ ဂိုးအများဆုံး သွင်းနိုင်ခဲ့တာကို ကျွန်တော်ထင်ပါတယ်။ ဒါကြောင့် သူတို့ တိုက်စစ်ပိုင်း အင်အားဖြည့်ဖို့ လိုအပ်နေတာပါ။ ကျွန်တော် သူ့ကို တကယ်ကြိုက်ပါတယ်။”
“ပြီးခဲ့တဲ့ရာသီက အစ်ပ်စ်ဝစ်ချ်အတွက် သူ့ကို အကြိမ်အနည်းငယ် မြင်ဖူးပါတယ်။ သူဟာ စစ်မှန်တဲ့ နံပါတ်(၉) တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး ချယ်လ်ဆီးအတွက် ကောင်းမွန်တဲ့အရာလို့ ကျွန်တော်ထင်ပါတယ်။ သူက ကြိုးစားတယ်။ သန်မာတယ်။ ကိုယ်ခန္ဓာကြံ့ခိုင်တယ်။ ခံစစ်ကို ပြေးလွှားနိုင်တယ်။ နည်းစနစ်ပိုင်းလည်း ကောင်းပါတယ်။ ဒါကြောင့် သူ အဲဒီမှာ ဘယ်လိုကစားပြမလဲဆိုတာကို မြင်တွေ့ရဖို့ စိတ်လှုပ်ရှားနေပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
Photo Credit : Goal
ကာဟေးလ်က ဆက်လက်ပြီး “အရည်အချင်းပိုင်းအရတော့ သူ သေချာပေါက် အရည်အချင်းပြည့်မီပါတယ်။ ကြီးမားတဲ့ကလပ်တစ်ခုဆီကို တက်လှမ်းတာကို သူ ဘယ်လိုကိုင်တွယ်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ အစ်ပ်စ်ဝစ်ချ်ကို မလေးစားတာတော့ မဟုတ်ပါဘူး။ ပတ်ဝန်းကျင်အခြေအနေကို ပြောတာပါ။ ဒါကြောင့် သူ အဲဒီမှာ ဘယ်လိုကစားပြမလဲဆိုတာကို မြင်တွေ့ရဖို့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒါပေမဲ့ ကလပ် ကမ္ဘာ့ဖလားမှာ သူ့ရဲ့ ကစားပုံတွေကို ကြည့်ရတာ တကယ်ကို စိတ်လှုပ်ရှားစရာပါ။ ဒါဟာ ကောင်းမွန်တဲ့ ဝယ်ယူမှုတစ်ခုလို့ ကျွန်တော်ထင်ပါတယ်။” ဟု ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
အန်ဇို မာရက်စ်ကာရဲ့ချယ်လ်ဆီးအသင်းဟာ ၂၀၂၄-၂၅ ရာသီရဲ့ ဒုတိယမြောက် ဆုဖလားကို ရယူဖို့ ရည်မှန်းထားနေပါတယ်။ ချယ်လ်ဆီးအသင်းဟာ တနင်္ဂနွေနေ့ ဒီနေ့မှာပဲ နယူးဂျာစီပြည်နယ် MetLife အားကစားကွင်းမှာ ချန်ပီယံလိဂ်ချန်ပီယံ ပီအက်စ်ဂျီအသင်းနဲ့ ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။