စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ အသင်းခေါင်းဆောင် ဖြစ်သူ ဘက်စ်ကွက်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘာစီလိုနာ ၃-၀ ဆီဗီးလား ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာ ရသွားတာကြောင့် ကာလရှည် အနားယူရဖို့ ရှိနေပြီး ဘက်စ်ကွက်ဟာ မကြာခင် ကစားရတော့မယ့် ယူရိုပါလိဂ် ၃၂သင်းအဆင့် ပွဲစဉ်တွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ နှစ်ကျော့စလုံးကို လွဲချော်ဖို့ ရာခိုင်နှုန်း များပြားနေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ဘာစီလိုနာ အသင်းခေါင်းဆောင် ဘက်စ်ကွက်က ဘာစီလိုနာနဲ့ ဆီဗီးလားတို့ရဲ့ ပွဲမှာ ဒီဂျောင် ၊ ပီဒရီတို့နဲ့ တွဲဖက်ကာ ဘာစီလိုနာရဲ့ ကွင်းလယ်ကို ဦးဆောင်ခွင့် ရခဲ့ပြီး ပွဲချိန် ၆မိနစ်မှာ ဘက်စ်ကွက်ဟာ ခြေကျင်းဝတ်ဒဏ်ရာ ရသွားတာကြောင့် ဆေးကုသမှု ခံယူခဲ့ရပေမယ့် ဆက်ကစားလို့ မရတော့တာကြောင့်ပဲ ပွဲချိန် ၈မိနစ်မှာ အသင်းဖော် ကတ်ဆီးနဲ့ လူစားလဲခဲ့ရပါတယ်။

Photo Credit: SPORT

ဘက်စ်ကွက် ထွက်သွားပြီးနောက် ဘာစီလိုနာရဲ့ ကွင်းလယ်က အနည်းငယ် လျော့တိလျော့ရဲ ဖြစ်သွားခဲ့ပေမယ့် ဒုတိယပိုင်း အရောက်မှာ အကောင်းဆုံး ချိတ်ဆက်မှုတွေနဲ့အတူ ဒီဂျောင်နဲ့ ပီဒရီတို့ ဦးဆောင်တဲ့ ဘာစီလိုနာ ကွင်းလယ်က ဆီဗီးလားရဲ့ ကွင်းလယ်ကို သိသိသာသာ အသာစီး ရခဲ့ပြီး အယ်ဘာ ၊ ဂါဗီနဲ့ ရာဖင်ညာတို့က ဘာစီလိုနာ အတွက် အနိုင်ဂိုးတွေကို ဒုတိယပိုင်းမှာ အသီးသီး သွင်းယူပေးခဲ့ကြပါတယ်။

ဘာစီလိုနာက ဆီဗီးလားကို ၃ဂိုးပြတ် အနိုင်ရခဲ့ပေမယ့် ဘက်စ်ကွက်ကတော့ အသင်းရဲ့ နိုင်ပွဲအတွက် အပြည့်အဝ ပျော်ရွှင်ခွင့် မရခဲ့ပဲ ပွဲပြီးပြီးချင်းမှာတင် သူ့ရဲ့ ဒဏ်ရာကို ဆေးစစ်မှုတွေ ပြုလုပ်ခဲ့ရပြီး ဆေးစစ်မှုတွေအရ ဘက်စ်ကွက်ဟာ ခြေကျင်းဝတ်ဒဏ်ရာ ရသွားခဲ့တာ ဖြစ်ကာ ဒဏ်ရာကလည်း ပြင်းထန်တာကြောင့် ဒဏ်ရာအခြေအနေကို အသေးစိတ် သိရဖို့ ရက်အနည်းငယ် ထပ်မံ စောင့်ဆိုင်းရဖို့ ရှိပါတယ်။

Photo Credit: SPORT

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Metro သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘက်စ်ကွက်ရဲ့ ခြေကျင်းဝတ်ဒဏ်ရာက ပြင်းထန်တာကြောင့် ရက်သတ္တပတ် အနည်းငယ် အနားယူရဖို့ ရှိနေကာ ဘက်စ်ကွက်ဟာ ဖေဖော်ဝါရီလ ၁၇ရက်နေ့နဲ့ ၂၄ရက်နေ့တို့မှာ ကစားမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ ယူရိုပါလိဂ်ပွဲတွေကို လွဲချော်ဖို့ ရာခိုင်နှုန်း များပြားနေကြောင်း သိရပါတယ်။

စပိန်အခြေစိုက် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Relevoကလည်း ဘက်စ်ကွက်ဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ ပွဲတွေကို လွဲချော်တော့မယ့် အကြောင်း ထပ်ဆင့် အတည်ပြုပေးထားသလို ဘက်စ်ကွက်က ဒဏ်ရာကနေ ပြန်လည် သက်သာလာဖို့ အနည်းဆုံး ၁လ ဝန်းကျင် အချိန်ယူရနိုင်ကြောင်း ဆိုပါတယ်။