ဘာစီလိုနာအသင်းရဲ့ ဂန္ထဝင်ကစားသမားကြီးတစ်ဦးဖြစ်သလို လက်ရှိ အင်တာမိုင်ယာမီအသင်းရဲ့ ကွင်းလယ်လူ ဆာဂျီယို ဘူးစကက်စ်က လက်ရှိ MLS ရာသီကုန်မှာ ကစားသမားဘဝကနေ အပြီးတိုင် အနားယူတော့မည်မှာဖြစ်ကြောင်း သူ့ရဲ့လူမှုကွန်ရက်ကနေတစ်ဆင့် စိတ်လှုပ်ရှားဖွယ်ရာ သတင်းစကားပါးလိုက်ပါတယ်။
အသက် (၃၇)နှစ်အရွယ် ဘူးစကက်စ်ဟာ သူ့ရဲ့ မမေ့နိုင်စရာ ကစားသမားဘဝကို အင်တာမိုင်ယာမီအသင်းအတွက် ပထမဆုံး MLS ဖလားကို ရယူပေးပြီး အဆုံးသတ်သွားဖို့ ရည်မှန်းနေပါတယ်။ ကွင်းလယ်ခံစစ်ကစားသမားတစ်ယောက်ရဲ့ အခန်းကဏ္ဍကို ပြောင်းလဲစေခဲ့သူအဖြစ် သတ်မှတ်ခံထားရတဲ့ ဘူးစကက်စ်ဟာ အောင်မြင်မှုများစွာကို ပိုင်ဆိုင်ခဲ့ပါတယ်။
Photo Credit : Goal
ဘူးစကက်စ်ဟာ ဘာစီလိုနာအသင်းအတွက် ပွဲပေါင်း (၇၂၂)ပွဲကစား လာလီဂါဖလား (၉)ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား (၃)ကြိမ် ရယူပေးခဲ့သလို စပိန်လက်ရွေးစင်အသင်းအတွက်ကိုလည်း ပွဲပေါင်း (၁၄၃)ပွဲကစား ၂၀၁၀ ကမ္ဘာ့ဖလားနဲ့ ၂၀၁၂ ယူရိုဖလားတို့ ဆွတ်ခူးခဲ့ပါသေးတယ်။ ဒါ့အပြင် လက်ရှိကလပ် အင်တာ မိုင်ယာမီအသင်းနဲ့လည်း ၂၀၂၃ Leagues Cup နဲ့ ၂၀၂၄ Supporters’ Shield ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
သူ့ရဲ့အနားယူမှုနဲ့ ပတ်သက်ပြီး ဘူးစကက်စ်က “ဒါဟာ အံ့မခန်းခရီးလမ်းတစ်ခုပါပဲ။ ကစားသမားဘဝကို နှုတ်ဆက်ဖို့ အချိန်တန်ပြီလို့ ကျွန်တော်ခံစားမိပါတယ်။ ကျွန်တော်အမြဲအိပ်မက်မက်ခဲ့ရတဲ့ ဒီအံ့ဩစရာကောင်းတဲ့ ဇာတ်လမ်းကို နှစ်ပေါင်း (၂၀)နီးပါး ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ရပါတယ်။ ဒါတွေက ကစားကွင်းပေါ်က ကျွန်တော့်ရဲ့ နောက်ဆုံးလတွေပါပဲ။ ကျွန်တော် ပျော်ရွှင်စွာ ပြည့်စုံကျေနပ်စွာနဲ့ အားလုံးထက်ပိုပြီး ကျေးဇူးတင်စွာနဲ့ အနားယူလိုက်ပါပြီ။ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။” လို့ ရေးသားခဲ့ပါတယ်။
Photo Credit : Goal
ပုံမှန်ရာသီပြီးဆုံးဖို့ (၅)ပွဲသာ ကျန်ရှိတော့ချိန်မှာ အင်တာမိုင်ယာမီအသင်းဟာ Playoffs အဆင့်ကို တက်ရောက်ခွင့် သေချာနေပြီ ဖြစ်ပါတယ်။ လက်ရှိမှာ အရှေ့ပိုင်းဇယားရဲ့ အဆင့် (၃)နေရာမှာ ရပ်တည်နေပြီး အမှတ်ပေးဇယားထိပ်ဆုံးက ဖီလာဒဲလ်ဖီးယား ယူနီယံအသင်းနဲ့ (၅)မှတ်သာ ကွာဟတော့တာကြောင့် ရာသီကို အကောင်းဆုံးအနေအထားနဲ့ အဆုံးသတ်နိုင်ဖို့ အခွင့်အရေးရှိနေပါတယ်။
နည်းပြ ဟာဗီယား မာရှေယာနိုရဲ့ အသင်းဟာ မနက်ဖြန် စနေနေ့ မှာ တော်ရန်တို FC အသင်းနဲ့ ကနေဒါမြေမှာ သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဘောလုံးပရိသတ်တွေကတော့ ဒီဂန္ထဝင်ကစားသမားကြီးရဲ့ နောက်ဆုံးပွဲစဉ်တွေကို ရင်ခုန်စွာနဲ့ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။