စပိန်လာလီဂါ ထိပ်သီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ သက်တော်ရှည် ကစားသမား ဖြစ်သလို အသင်းခေါင်းဆောင်လည်း ဖြစ်တဲ့ ဘူးစကွက်က ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာပဲ ဘာစီလိုနာ ကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ကြောင်း နာမည်ကြီး သတင်ထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၃၄နှစ် အရွယ် စပိန်လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ဘူးစကွက်က ၂၀၀၅ခုနှစ်မှာ ဂျာဘက်အသင်း ကနေ ဘာစီလိုနာထံ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး သူက ဘာစီလိုနာ အတွက် ၁၈နှစ်ကျော်ကြာ ပါဝင် ကစားပေးခဲ့သူပါ။

Photo Credit: Goal

၁၈နှစ်ကျော် ကာလအတွင်းမှာ ဘူးစကွက်က ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံမှာ ၇၁၉ပွဲ အထိ ပါဝင် ကစားပေးခဲ့ပြီး သွင်းဂိုး ၁၈ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၄၅ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး အသင်းနဲ့အတူ ချန်ပီယံလိဂ် ၃ကြိမ် ၊ လာလီဂါ ၈ကြိမ် (ယခုနှစ်မှာ ရတော့မယ့် လာလီဂါဆုကိုပါ ထည့်တွက်ရင် ၉ကြိမ်) ၊ ကမ္ဘာ့ကလပ်ဖလား ၃ကြိမ် ၊ ဥရောပ စူပါဖလား ၃ကြိမ် ၊ စပိန် ကိုပါဒယ်ရေး ၇ကြိမ် ၊ စပိန်စူပါဖလား ၇ကြိမ် စုစုပေါင်း ဆုဖလား ၃၁လုံး (ယခုနှစ် အပြီးမှာ ၃၂လုံး) အထိ ရယူနိုင်ခဲ့ပါတယ်။

ဘူးစကွက်က ယခုချိန်အထိ ဘာစီလိုနာရဲ့ အဓိက ကွင်းလယ်လူ တဦး အဖြစ် ကစားခွင့် ရနေတာကြောင့် ဘာစီလိုနာက သူ့ကို စာချုပ်သစ် ကမ်းလှမ်းမှု လုပ်ခဲ့ပေမယ့် ဘူးစကွက်ကတော့ သူ့ရဲ့ ဘာစီလိုနာ ကစားသမားဘဝကို ဒီမှာတင် အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit: Marca

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဘူးစကွက်က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ဘာစီလိုနာကို စွန့်ခွာဖို့ ယတိပြတ် ဆုံးဖြတ်လိုက်ပြီး လာမယ့် ၂၄နာရီ အတွင်းမှာ ဘူးစကွက်ဟာ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပရိသတ်တွေဆီ အသိပေးဖို့ စီစဉ်နေကြောင်း သိရပါတယ်။

လက်ရှိမှာတော့ ဆော်ဒီထိပ်သီးကလပ် အယ် ဟီလယ်က ဘူးစကွက်ကို ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်ထားပြီး ဘူးစကွက်က ငွေပုံပေးမယ့် အယ် ဟီလယ်ဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေကြောင်း နီးစပ်သူတွေက ပြောကြားထားကြပါတယ်။