စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာနဲ့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ပြီးနောက် အသင်းလက်မဲ့ ကစားသမား ဖြစ်နေတဲ့ ဝါရင့် စပိန်ကွင်းလယ်လူ ဘူးစကွက်က သူ့ရဲ့ အသင်းဖော်ဟောင်း လီယွန်နယ် မက်ဆီ ရှိနေတဲ့ မေဂျာလိဂ်ကလပ် အင်တာ မိုင်ယာမီဆီ ပြောင်းရွှေ့တော့မယ်လို့ သိရပါတယ်။

အသက် ၃၄နှစ် အရွယ် စပိန်အသင်းခေါင်းဆောင် ကွင်းလယ်ခံစစ် ကစားသမား ဘူးစကွက်က ဘာစီလိုနာရဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီထွက် ကစားသမား တဦး ဖြစ်ပြီး သူက မက်ဆီ ၊ ပူယိုးလ် ၊ အင်နီယေစတာ ၊ ဇာဗီ စတဲ့ ကစားသမားတွေနဲ့ တွဲဖက်ကာ ဥရောပမှာ ဘာစီလိုနာ တခေတ်ကို ထူထောင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit: Marca

ဘူးစကွက်က ဘာစီလိုနာ အတွက် ၁၅နှစ်ကြာ ကစားပေးခဲ့ရာ ပြိုင်ပွဲစုံမှာ ၇၂၂ပွဲ အထိ ပါဝင် ကစားပေးနိုင်ခဲ့ပြီး သွင်းဂိုး ၁၈ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၄၅ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ဆုဖလားပေါင်းစုံ ၃၂လုံး အထိ ရယူနိုင်ခဲ့ပါတယ်။

ဘူးစကွက်က ကမ္ဘာ့အဆင့် ကွင်းလယ်ခံစစ် ကစားသမား တဦး ဖြစ်တာကြောင့် ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ဖျက်သိမ်းပြီးချိန်မှာ အင်တာ မိုင်ယာမီ အပါအဝင် နာမည်ကြီး မေဂျာလိဂ်ကလပ်တွေ ၊ ဆော်ဒီကလပ်တွေက သူ့ကို အပြိုင်အဆိုင် ကမ်းလှမ်းခဲ့ကြပါတယ်။

Photo Credit: Inside Sports

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဘူးစကွက်က ကလပ်အသင်း များစွာရဲ့ ကမ်းလှမ်းမှုတွေ ရခဲ့ပေမယ့် အသင်းဖော်ဟောင်း မက်ဆီ ရှိနေတဲ့ မေဂျာလိဂ်ကလပ် အင်တာ မိုင်ယာမီဆီ ပြောင်းရွှေ့ဖို့ သဘောတူလိုက်ပြီး အင်တာ မိုင်ယာမီက မက်ဆီနဲ့ ဘူးစကွက်တို့ကို အသင်းရဲ့ ကစားသမားသစ်တွေ အဖြစ် တပြိုင်နက်ထဲ ကြေညာရန် စီစဉ်ထားကြောင်း သိရပါတယ်။

အင်တာ မိုင်ယာမီက မက်ဆီနဲ့ ဘူးစကွက်တို့ကို ခေါ်ယူပြီးနောက် ဘာစီလိုနာနဲ့ စာချုပ်ဖျက်သိမ်းထားတဲ့ ဝါရင့် စပိန်ဘယ်နောက်ခံလူ ဂျော်ဒီ အယ်လ်ဘာကို ခေါ်ယူဖို့ ဆက်လက် ကြိုးပမ်းနေပြီး အယ်လ်ဘာကလည်း မက်ဆီနဲ့ ဘူးစကွက်တို့ ရှိနေတဲ့ အင်တာ မိုင်ယာမီဆီ ပြောင်းရွှေ့ချင်နေတာကြောင့် အယ်လ်ဘာကိုပါ အင်တာ မိုင်ယာမီမှာ မြင်တွေ့ရနိုင်ပါတယ်။