ပရီးမီးယားလိဂ်ပြိုင်ပွဲ ကနေ တန်းဆင်းခဲ့ရတာကြောင့် လာမယ့်ရာသီမှာ ချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရမယ့် ဘန်လေက သူတို့အသင်းရဲ့ နည်းပြချုပ် ကွန်ပနီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဘိုင်ယန်မြူးနစ်ကို ကွန်ပနီအား ခေါ်ယူချင်ရင် လျော်ကြေးငွေ ယူရို ၂၀သန်း ပေးရမယ်လို့ တောင်းဆိုထားကြောင်း ဂျာမန်အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၃၈နှစ် အရွယ် ဘယ်လ်ဂျီယံ ဂန္တဝင် ကွန်ပနီက ကစားသမားဘဝမှာ ထိပ်တန်း ဗဟိုနောက်ခံလူ တဦး အဖြစ် မန်ချက်စတာ စီးတီးကို အကောင်းဆုံး ဦးဆောင်ပေးနိုင်ခဲ့သလို နည်းပြလောကထဲကို ဝင်ရောက်လာချိန်မှာလည်း သူမတူတဲ့ တိုက်စစ်ကစားဟန်တွေကို ချပြကာ ဘန်လေကို အကောင်းဆုံး ပဲ့ကိုင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit: Football 365

ကွန်ပနီက အန်ဒါလက်ချ်ကို ၂ရာသီကြာ ကိုင်တွယ်ခဲ့ပြီးနောက် ၂၀၂၂ခုနှစ်မှာ ဘန်လေဆီ ပြောင်းရွှေ့လာခဲ့ပြီး ကွန်ပနီဟာ ဘန်လေကို ၁နှစ် အတွင်းမှာပဲ ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ ချန်ပီယံ အဖြစ်နဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တန်းတက်နိုင်အောင် ကူညီပေးခဲ့ပါတယ်။ ဒါပေမယ့် ကွန်ပနီရဲ့ ဘန်လေက ကစားသမားပိုင်းမှာ ပရီးမီးယားလိဂ်ရဲ့ ရှိရင်းစွဲကလပ်တွေကို မယှဉ်နိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁ရာသီသာ ကစားခွင့် ရခဲ့ပြီး လာမယ့်ရာသီမှာ ချန်ပီယံရှစ်ပြိုင်ပွဲဆီ ပြန်ရတော့မှာပါ။

ကွန်ပနီက ဘန်လေနဲ့အတူ တန်းဆင်းခဲ့ရပေမယ့် သူ့ရဲ့ တိုက်စစ်အားသန် ကစားဟန်နဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်မှုတွေကြောင့် ဂျာမန် ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ် အပါအဝင် ဥရောပ နာမည်ကြီးကလပ် တချို့က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ဘိုင်ယန်မြူးနစ်က ကွန်ပနီကို ခေါ်ယူနိုင်ဖို့ အလျင်အမြန် လှုပ်ရှားနေသလို ကွန်ပနီကလည်း ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ထားပါတယ်။

Photo Credit: Standard

နာမည်ကြီး ဂျာမန်သတင်းထောက် ပလက်တန်ဘက်ခ်ရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်က ကွန်ပနီနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူနိုင်ခဲ့ပြီးနောက် ဘန်လေနဲ့ လျော်ကြေးငွေကိစ္စ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ဘန်လေက ကွန်ပနီအတွက် လျော်ကြေးငွေ ယူရို ၂၀သန်း အထိ တောင်းဆိုနေကာ ဘိုင်ယန်မြူးနစ်ကတော့ ကွန်ပနီအတွက် အဆိုပါပမာဏ အထိ ပေးချေဖို့ စိတ်ကူးမရှိတာကြောင့် ညှိနှိုင်းမှုတွေ ဆက်လက် လုပ်ဆောင်နေကြောင်း သိရှိရပါတယ်။

ဘန်လေက ကွန်ပနီကို ၂၀၂၈ခုနှစ် အထိ သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုထားတာကြောင့် အခုလိုမျိုး များပြားလှတဲ့ လျော်ကြေးငွေကို တောင်းခံနေတာ ဖြစ်ပြီး ကွန်ပနီကတော့ သူ့ကို အသင်းပြောင်းခွင့် ပေးဖို့ ဘန်လေရဲ့ တာဝန်ရှိသူတွေထံ တောင်းဆိုသွားမယ်လို့လည်း ဘိုင်ယန်မြူးနစ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဖော်ပြနေကြပါတယ်။