ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အဆင့်(၁၉)နဲ့သာ ရာသီသိမ်းနိုင်ခဲ့တာကြောင့် ချန်ပီယံရှစ်ပြိုင်ပွဲဆီ တန်းဆင်းထားရတဲ့ ဘန်လေက သူတို့အသင်းရဲ့ နည်းပြချုုပ် ကွန်ပနီကို ဂျာမန် ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ဆီ လက်လွှတ်ခဲ့ရတာကြောင့် ကွန်ပနီရဲ့ နေရာကို အစားဝင်နိုင်မယ့် နည်းပြချုပ်တွေကို လိုက်လံ ရှာဖွေနေပြီး ဘန်လေရဲ့ ပစ်မှတ်ထဲမှာ ချယ်လ်ဆီးနဲ့ အဲဗာတန်နည်းပြဟောင်း လမ်းပတ်လည်း ပါဝင်နေကြောင်း အင်္ဂလန်အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၃၈နှစ် အရွယ် ဘယ်လ်ဂျီယံဂန္တဝင် ကွန်ပနီက ကစားသမားဘဝ ကနေ အနားယူပြီးနောက် နည်းပြလောကထဲကို ခြေစုန်ပစ် ဝင်ရောက်လာခဲ့သူ ဖြစ်ပြီး သူက ၂၀၂၀ခုနှစ် ကနေ ၂၀၂၂ခုနှစ် အထိ ဘယ်လ်ဂျီယံ ပြည်တွင်းကလပ် အန်ဒါလက်ချ်ကို ကိုင်တွယ်ခဲ့ကာ ၂၀၂၂ခုနှစ်မှာတော့ အန်ဒါလက်ချ် ကနေ ဘန်လေဆီ ပြောင်းရွှေ့လာခဲ့ပါတယ်။

Photo Credit: Team Talk

ကွန်ပနီက ဘန်လေကို တာဝန်ယူ ကိုင်တွယ်ပြီးနောက် သူ့ရဲ့ ပထမဦးဆုံး ဘောလုံးရာသီ ဖြစ်တဲ့ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာပဲ ဘန်လေကို ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ ချန်ပီယံအဖြစ်နဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တန်းပြန်တက်နိုင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘန်လေနဲ့ အခြား ပရီးမီးယားလိဂ်အသင်းတွေ ကြားထဲမှာ ကစားသမား အင်အား ကွာခြားချက် ကြီးမားလွန်းတာကြောင့် ကွန်ပနီရဲ့ ဘန်လေက ပရီးမီးယားလိဂ်ပြိုင်ပွဲ ကနေ ချက်ချင်း တန်းပြန်ဆင်းခဲ့ရပါတယ်။

ဘန်လေက ပရီးမီးယားလိဂ်ပြိုင်ပွဲ ကနေ တန်းဆင်းခဲ့ရပေမယ့် ကွန်ပနီရဲ့ အတွေးအခေါ်နဲ့ ကစားဟန်တွေက ကောင်းလွန်းနေတာကြောင့် ဂျာမန် ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က ကွန်ပနီကို ၃နှစ်သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ခေါ်ယူခဲ့ပြီး ဘိုင်ယန်မြူးနစ်ဟာ ကွန်ပနီအတွက် ဘန်လေထံ လျော်ကြေးငွေ ပေါင် ၁၀.၂သန်း ပေးခဲ့ပါတယ်။

Photo Credit: Mirror

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athleticရဲ့ အဆိုအရ ဘန်လေရဲ့ တာဝန်ရှိသူတွေက ကွန်ပနီကို လက်လွှတ်ရပြီးနောက် သူတို့အသင်းကို တာဝန်ယူ ကိုင်တွယ်နိုင်မယ့် အရည်အသွေးမြင့် နည်းပြ တဦးကို အသည်းအသန် လိုက်လံ ရှာဖွေနေပြီး ဘန်လေရဲ့ ပစ်မှတ်စာရင်းထဲမှာ ချယ်လ်ဆီးနည်းပြဟောင်း ဖရန့် လမ်းပတ်လည်း ပါဝင်နေကြောင်း သိရပါတယ်။

အသက် ၄၅နှစ် အရွယ် အင်္ဂလန်ဂန္တဝင် ဖရန့် လမ်းပတ်က နည်းပြလောကထဲကို ဝင်ရောက်လာပြီးနောက် ဒါဘီ ၊ ချယ်လ်ဆီး ၊ အဲဗာတန် စတဲ့ အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်ပြီး လမ်းပတ်ဟာ နည်းပြလောကထဲကို ပြန်လည် ဝင်ရောက်ချင်နေတာကြောင့် ဘန်လေကသာ သူ့ကို ကမ်းလှမ်းမှု လုပ်မယ် ဆိုရင် လက်ခံဖွယ် ရှိနေပါတယ်။