မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်က သူ့အနေနဲ့ ဂိုးတွေ သွင်းယူရတာထက် အသင်းအတွက် နိုင်ပွဲတွေကိုသာ ရယူပေးသွားချင်တယ်လို့ပဲ ရှက်ဖီးနဲ့ ပွဲစဉ်အပြီးမှာပဲ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ဒီနေ့မနက်အစောပိုင်းက အိုးထရက်ဖို့ဒ်ကွင်းမှာ မန်ယူနိုက်တက်နဲ့ ရှက်ဖီးယူနိုက်တက်တို့ ယှဉ်ပြိုင်ခဲ့ရာ ယူနိုက်တက်က ဧည့်သည် ရှက်ဖီးအသင်းရဲ့ နှစ်ကြိမ်တိုင် ဦးဆောင်မှုကို ခံခဲ့ရပြီး အသင်းခေါင်းဆောင် ဖာနန်ဒက်စ်ရဲ့ ခြေစွမ်းပြသမှုနဲ့ Comeback နိုင်ပွဲကို ပုံဖော်သွားနိုင်ခဲ့ပါတယ်။

Photo Credit : centredevils

ဒီပွဲမှာ ဖာနန်ဒက်စ်က ပင်နယ်တီကနေ ဒုတိယချေပဂိုးကို သွင်းယူခဲ့သလို တတိယမြောက်ဂိုးနဲ့ ဦးဆောင်ဂိုးကိုပါ သွင်းယူရင်း ဟွိုင်လန်းရဲ့ ပွဲသိမ်းဂိုးကိုလည်း သူကိုယ်တိုင်က ဖန်တီးပေးနိုင်ခဲ့ပါသေးတယ်။ သူရဲ့ ခြေစွမ်းပြမှုကြောင့် ယူနိုက်တက်က (4-2) နဲ့ နိုင်ပွဲရခဲ့ပြီးနောက် ဖာနန်ဒက်စ်က “ကျွန်တော်တို့ တစ်ချိန်လုံး Clean Sheets တွေအကြောင်း ပြောနေကြသလို ကျွန်တော်တို့ဘက်ကနေလည်း ဂိုးမပေးရအောင် လုပ်ဆောင်ချင်ပေမယ့် ဒီပွဲမှာ ရှက်ဖီးအသင်း ကစားပုံကို အသိအမှတ်ပြုရပါလိမ့်မယ်။”

“အဆုံးသတ်မှာတော့ ကျွန်တော်တို့တွေ ပြန်လာနိုင်ပါတယ်။ ကျွန်တော်တို့ဟာ ပွဲတွေမှာ အနိုင်ရဖို့ ခက်ခဲတဲ့ အခြေအနေတွေ ရှိခဲ့ပေမယ့် ကျွန်တော်တို့ရဲ့ ကာရိုက်တာတွေကို ပြသနိုင်ခဲ့ရပါတယ်။ ကျွန်တော်တို့ သတိထားရမှာက အခွင့်အရေးတွေ ရလာရင် ဒီအခွင့်အရေးတွေကို ဂိုးအဖြစ် ပြောင်းလဲနိုင်ဖို့လိုတယ် ဆိုတာပါပဲ။ ကျွန်တော်တို့က အသင်းတစ်သင်းအနေနဲ့ တောင့်တင်းခိုင်မာနေရပါလိမ့်မယ်။”

Photo Credit : centredevils

“ကျွန်တော် ဂိုးတွေ သွင်းယူရတာ နှစ်သက်ပေမယ့် ဂိုးတွေ သွင်းရတာထက် အသင်းအတွက် နိုင်ပွဲတွေကို ပိုမို ယူဆောင်ပေးသွားချင်တာပါ။ ဂိုးသွင်းတယ်ဆိုတာက ကျွန်တော်ရဲ့ တာဝန်ထဲက တစ်စိတ်တစ်ပိုင်း ဆိုပေမယ့်လည်း ပိုပြီး အဓိကကျတာက ပွဲတွေကို အနိုင်ရအောင် စွမ်းဆောင်ပေးဖို့ပါ။ အခုနောက်ပိုင်းမှာလည်း ကျွန်တော်တို့က ရသင့်သလောက် နိုင်ပွဲတွေကိုလည်း မရခဲ့သေးပါဘူး။”

“(၈)ပွဲ (၉)ပွဲဆက်တိုက်အထိ နိုင်ကောင်းအနိုင်ရနိုင်ပေမယ့် ရှုံးပွဲတွေ့လိုက်တာနဲ့ တစ်ပြိုင်နက်တည်း ချက်ချင်း ဝေဖန်ခံရပါလိမ့်မယ်။ ကိုယ်တိုင်က မန်ချက်စတာ ယူနိုက်တက် ကစားသမားတစ်ဦး ဖြစ်နေတဲ့အတွက် ပွဲတွေကို အနိုင်ရအောင် ကစားဖို့က လိုအပ်ပါမယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။