ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် ဖြစ်သူ ဘရူနို ဖာနန်ဒက်စ်က သူဟာ လာမယ့် နွေဈေးကွက်မှာ အသင်းပြောင်းတော့မယ် ဆိုတဲ့ သတင်းတွေကို ငြင်းဆန်သွားခဲ့ပြီး ယူနိုက်တက်က သူ့ကို လိုအပ်နေသရွေ့ အသင်းမှာ ဆက်နေသွားမယ်လို့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၃-၂ နယူးကာဆယ် ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား ဘရူနို ဖာနန်ဒက်စ်က ၂၀၂၀ခုနှစ်မှာ စပို့တင်း လစ္စဘွန်း ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၆၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ဖာနန်ဒက်စ်ဟာ မန်ချက်စတာ ယူနိုက်တက်ဆီ ရောက်ရှိပြီးကတည်းက အသင်းရဲ့ မရှိမဖြစ် ကွင်းလယ်တိုက်စစ် ကစားသမား အဖြစ် ခြေစွမ်းကောင်းတွေ ပြသနေသူပါ။

Photo Credit: Sky Sports

ယခုနှစ် ဘောလုံးရာသီမှာလည်း ဘရူနို ဖာနန်ဒက်စ်က သူ့ရဲ့ တွဲဖက် ကစားသမား အများအပြား ဒဏ်ရာတွေရ ၊ ခြေစွမ်းတွေ ကျဆင်းနေချိန်မှာ မန်ချက်စတာ ယူနိုက်တက်ကို အကောင်းဆုံး ထမ်းတင်ပေးထားပြီး သူဟာ ဒီရာသီမှာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ ၄၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၅ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁၂ကြိမ် ရရှိထားပါတယ်။

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၃-၂ နယူးကာဆယ် ပွဲစဉ်မှာလည်း ဘရူနို ဖာနန်ဒက်စ်က False 9 အဖြစ်နဲ့ ယူနိုက်တက်ရဲ့ တိုက်စစ်ကို ဦးဆောင် ကစားသွားခဲ့ပြီး ဖာနန်ဒက်စ်ဟာ ပွဲချိန်အတွင်းမှာ အသင်းဖော်တွေ အတွက် အခွင့်အရေး ဖန်တီးမှု ၅ကြိမ် လုပ်နိုင်ခဲ့သလို လူစားဝင် တိုက်စစ်မှူး ဟွိုင်လန်းရဲ့ သွင်းဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

မန်ချက်စတာ ယူနိုက်တက် ၃-၂ နယူးကာဆယ် ပွဲစဉ်က ယူနိုက်တက်ရဲ့ ဒီရာသီ နောက်ဆုံးအိမ်ကွင်းပွဲ ဖြစ်တာကြောင့် ယူနိုက်တက်ရဲ့ နည်းပြချုပ် အဲရစ် တန်ဟက်ဂ်နဲ့ ကစားသမားတွေက ပရိသတ်တွေကို ရာသီပိတ် နှုတ်ဆက်စကား ပြောကြားခဲ့ကြပြီး ဖာနန်ဒက်စ်ကတော့ သူဟာ အသင်းပြောင်းတော့မယ် ဆိုတဲ့ သတင်းတွေကို ငြင်းဆန်သွားခဲ့ပါတယ်။

ဖာနန်ဒက်စ်က – “အသင်းက ကျွန်တော့်ကို လိုအပ်နေသရွေ့ ကျွန်တော်က ယူနိုက်တက်မှာ ဆက်နေသွားမှာပါ။ ပြီးတော့ အသင်းကလည်း ကျွန်တော့်ကို အနာဂတ် အစီအစဉ်တွေထဲမှာ ထည့်သွင်းထားပါသေးတယ်။ တကယ်လို့ အကြောင်းပြချက် တချို့ကြောင့် ကျွန်တော့်ကို မလိုချင်တော့ဘူး ဆိုရင် ကျွန်တော်က အသင်းကနေ ထွက်သွားပေးပါ့မယ်” လို့ ပြောကြားရင်း ယူနိုက်တက်ပရိသတ်တွေရဲ့ အချစ်တွေကို သဲ့ယူသွားခဲ့တာပါ။