ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ ပေါ်တူဂီတို့ရဲ့ အဓိက ကွင်းလယ်တိုက်စစ် ကစားသမား ဘရူနို ဖာနန်ဒက်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပေါ်တူဂီ ၉-၀ လူဇင်ဘက် ပွဲစဉ်မှာ အသင်းအတွက် ၁ဂိုးသွင်း ၊ ၃ဂိုး ဖန်တီးပေးရင်း အထူး ခြေစွမ်းပြ ကစားသွားခဲ့ပါတယ်။

ပေါ်တူဂီက ယူရို ၂၀၂၄ ခြေစစ်ပွဲ အဖြစ် လူဇင်ဘက်ကို ပေါ်တူဂီမြေမှာ ဧည့်ခံ ကစားခဲ့ပြီး ပေါ်တူဂီနည်းပြချုပ် မာတီနက်ဇ်က အသင်းခေါင်းဆောင် ရိုနယ်ဒိုကို အနားပေးခဲ့ကာ ဘရူနို ဖာနန်ဒက် ၊ ရူဘင် ဒီယက်ဇ်နဲ့ ဘာနာဒို ဆေးလ်ဗားတို့ကို အသင်းအား ဦးဆောင် ကစားစေခဲ့ပါတယ်။

Photo Credit: Standard

ပေါ်တူဂီက ၄-၃-၃ ကစားဟန်ကို အခြေတည်ကာ ပွဲထွက်လာခဲ့ပြီး တိုက်စစ်ကို လီယာအို ၊ ရာမို့စ်နဲ့ ဂျိုတာတို့ ဦးဆောင်ခဲ့သလို ဘရူနို ဖာနန်ဒက် ၊ ပါရဲယားနဲ့ ဘာနာဒို ဆေးလ်ဗားတို့က ကွင်းလယ်ကို ထိန်းကျောင်းခဲ့ပြီး ဆီမီဒို ၊ ရူဘင် ဒီယက်ဇ် ၊ အင်နာစီယို ၊ ဒါးလော့နဲ့ ကော်စတာ(ဂိုး)တို့က ခံစစ်ကြောင်းကို တာဝန်ယူခဲ့ပါတယ်။

ပေါ်တူဂီဘက်မှာ ရိုနယ်ဒို မပါဝင်ခဲ့ပေမယ့် ဖာနန်ဒက်နဲ့ ဘာနာဒို ဆေးလ်ဗားတို့ရဲ့ အတိုးအလှုပ်နဲ့ အကွက်မြင်တဲ့ ဖန်တီးမှုတွေကြောင့် ပေါ်တူဂီတို့ သွင်းဂိုးတွေ အလွယ်တကူ ရရှိခဲ့ပြီး ပေါ်တူဂီ အတွက် သွင်းဂိုးတွေကိုတော့ ပွဲချိန် ၁၂မိနစ်နဲ့ ၄၅+၄မိနစ်မှာ နောက်ခံလူ အင်နာစီယို ၊ ပွဲချိန် ၁၈မိနစ်နဲ့ ၃၄မိနစ်မှာ တိုက်စစ်မှူး ရာမို့စ် ၊ ပွဲချိန် ၅၇မိနစ်နဲ့ ၇၇မိနစ်မှာ တိုက်စစ်မှူး ဂျိုတာ ၊ ပွဲချိန် ၆၇မိနစ်မှာ လူစားဝင် ကစားသမား ဟော်တာ ၊ ပွဲချိန် ၈၃မိနစ်မှာ တပွဲလုံး ခြေစွမ်းပြနေတဲ့ ဘရူနို ဖာနန်ဒက်နဲ့ ပွဲချိန် ၈၈မိနစ်မှာ လူစားဝင် တိုက်စစ်မှူး ဖီးလစ်တို့က အသီးသီး သွင်းယူပေးခဲ့ကြတာပါ။

Photo Credit: Euro Sports

ပေါ်တူဂီ ၉-၀ လူဇင်ဘက် ပွဲစဉ်မှာ ကွင်းလယ်ဖန်တီးရှင် ဘရူနို ဖာနန်ဒက်က သူကိုယ်တိုင် တဂိုး သွင်းယူနိုင်ခဲ့သလို အင်နာစီယိုရဲ့ သွင်းဂိုး ၂ဂိုးနဲ့ ဂျိုတာရဲ့ သွင်းဂိုး ၁ဂိုးတို့ကိုလည်း ဖန်တီးပေးနိုင်ခဲ့တာကြောင့် Hat-trick Assist ရရှိခဲ့ပြီး ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ပေါ်တူဂီ ၉-၀ လူဇင်ဘက် ပွဲစဉ်ဟာ ပေါ်တူဂီအသင်းရဲ့ သမိုင်းတလျှောက် ဂိုးအပြတ်ဆုံးနိုင်ပွဲ ဖြစ်ခဲ့တာကြောင့် ဘရူနို ဖာနန်ဒက် အပါအဝင် ဒီပွဲမှာ ဝင်ကစားခဲ့တဲ့ ကစားသမားတွေ အားလုံးက သမိုင်းသစ်ကို အတူတူ ရေးထိုးနိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။