မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်က အယ်လ်ဟီလာအသင်းရဲ့ ကြီးမားတဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီးနောက် ယူနိုက်တက်အသင်းက သူ့ကို အတင်းအကျပ် ရောင်းချဖို့ ကြိုးစားခဲ့ခြင်း မရှိကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။

ဒီနွေရာသီ အပြောင်းအရွှေ့ကာလမှာ ဖာနန်ဒက်စ်ဟာ အယ်လ်ဟီလာအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ အကြီးအကျယ် ထွက်ပေါ်ခဲ့ပါတယ်။ ဆော်ဒီကလပ် အယ်လ်ဟီလာဟာ ပေါ်တူဂီ ကွင်းလယ်လူအတွက် အံ့မခန်း မက်မောလောက်စရာ ကမ်းလှမ်းမှုတစ်ခု ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။

Photo Credit : TEAMtalk

ဒါပေမယ့်လည်း နာမည်ကျော် ဘောလုံးသတင်းထောက် ဖာဘရီဇီယို ရိုမာနိုကတော့ အသက်(၃၀)နှစ်အရွယ် ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ အဆိုပါ ကမ်းလှမ်းမှုကို ပယ်ချပြီး ဥရောပမှာ ဆက်လက် ကစားချင်တာကြောင့် အိုးလ်ထရက်ဖို့ဒ်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

ဆော်ဒီပရိုလိဂ် ချန်ပီယံဟောင်း အယ်လ်ဟီလာအသင်းဟာ ဖာနန်ဒက်စ်ကို (၃)နှစ်စာချုပ်နဲ့ လစာ ပေါင်သန်း (၂၀၀) ပေးဖို့အပြင် ယူနိုက်တက်သင်းကိုလည်း ပြောင်းရွှေ့ကြေး ပေါင်သန်း(၁၀၀)နဲ့ ကမ်းလှမ်းဖို့အထိ အသင့်ရှိခဲ့ပါတယ်။ အခုတော့ ယူနိုက်တက် အသင်းခေါင်းဆောင် ဖာနန်ဒက်စ်က သူ့အသင်းက သူ့ကို အပြောင်းအရွှေ့လုပ်ဖို့ ဘယ်တုန်းကမှ ဖိအားမပေးခဲ့ကြောင်းနဲ့ နည်းပြ ရူဘင် အမော်ရင်က သူ့ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Photo Credit : Goal

Sky Sports နဲ့ အင်တာဗျူးမှာ ပေါ်တူဂီ ကစားသမားက “အခွင့်အရေးတစ်ခု ရှိခဲ့ပါတယ်။ ဥက္ကဋ္ဌက ကျွန်တော့်ကို ဖုန်းဆက်ပြီး အဲ့ဒီကို သွားချင်လားလို့ မေးခဲ့တယ်။ သူတို့က ကျွန်တော့်ကို စောင့်နေခဲ့ကြတာ။ ကျွန်တော် နည်းပြ အမော်ရင်နဲ့ စကားပြောခဲ့တယ်။ သူက ကျွန်တော့်ကို မသွားဖို့ တောင်းဆိုခဲ့တယ်။ မန်ချက်စတာ ယူနိုက်တက်ကလည်း ကျွန်တော့်ကို မရောင်းချင်ခဲ့ဘူး။ သူတို့က ပိုက်ဆံ မလိုအပ်ပါဘူး။ ကျွန်တော်သာ ထွက်သွားချင်ခဲ့ရင် ဖြစ်မြောက်အောင် လုပ်ပေးခဲ့မှာပါ။” လို့ ပြောကြားခဲ့ပါတယ်။

အမော်ရင်ရဲ့ အသင်းဟာ ဇူလိုင်လနှောင်းပိုင်းမှာ ပြန်လည်စုဖွဲ့မှာဖြစ်ပြီး အာရှကို ခရီးထွက်ပြီး ရာသီကြို လေ့ကျင့်ရေးအစီအစဉ်ရဲ့ ပထမပိုင်းကို ဆောင်ရွက်မှာဖြစ်ပါတယ်။ အဲ့ဒီမတိုင်ခင်မှာတော့ အသင်းဟာ ၂၀၂၄-၂၅ ရာသီ အိပ်မက်ဆိုးလို ဖြစ်ခဲ့ရပြီးနောက် လူစာရင်းကို ပြန်လည်တည်ဆောက်ဖို့အတွက် နွေရာသီ အပြောင်းအရွှေ့ကာလမှာ အလုပ်များနေဦးမှာ ဖြစ်ပါတယ်။