ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းလယ်ဖန်တီးရှင် ဘရူနို ဖာနန်ဒက်စ်က ၂၀၂၃ခုနှစ် အတွင်းမှာ ကစားကွက် ကနေ ဂိုးဖန်တီးမှု အများဆုံး လုပ်နိုင်ခဲ့တဲ့ ကစားသမား အဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း မှတ်တမ်းမှတ်ရာတွေ အရ သိရှိရပါတယ်။

အသက် ၂၉နှစ် အရွယ် မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်က ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး ကွင်းလယ်ဖန်တီးရှင်တွေထဲက တဦး ဖြစ်ပြီး သူဟာ ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၂၅ပွဲ အထိ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၅ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

Photo Credit: Goal

ဘရူနို ဖာနန်ဒက်စ်က ဒီရာသီမှာ ဂိုးဖန်တီးမှု ၅ကြိမ်သာ ရရှိထားပေမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးသွင်းခွင့် ၅၂ကြိမ် ဖန်တီးပေးကာ ပြိုင်ပွဲရဲ့ အခွင့်အရေး ဖန်တီးမှု အများဆုံး ကစားသမား အဖြစ် ရပ်တည်ထားနိုင်သလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဂိုးသွင်းခွင့် ၁၄ကြိမ် ဖန်တီးထားနိုင်ပါတယ်။

ဒါ့အပြင် ဘရူနို ဖာနန်ဒက်စ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း မန်ချက်စတာ ယူနိုက်တက် အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးသွင်းခွင့် ၁၁၉ကြိမ် အထိ ဖန်တီးပေးနိုင်ခဲ့တာကြောင့် ပြိုင်ပွဲရဲ့ ဂိုးသွင်းခွင့် အများဆုံး ဖန်တီးပေးနိုင်တဲ့ ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်း ရရှိခဲ့ပါသေးတယ်။

Photo Credit: The Times

ဘောလုံးလောကရဲ့ မှတ်တမ်းမှတ်ရာတွေကို စုစည်း ဖော်ပြလေ့ ရှိတဲ့ OPTAရဲ့ ဖော်ပြချက်အရ ဘရူနို ဖာနန်ဒက်စ်ဟာ ၂၀၂၃ခုနှစ် အတွင်းမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲ တခုထဲမှာတင် ကစားကွက် ကနေ အခွင့်အရေး ဖန်တီးမှု အကြိမ် ၁၀၀ လုပ်နိုင်ခဲ့ပြီး အခွင့်အရေး ဖန်တီးမှု အများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

၁နှစ်တာ ကာလအတွင်းမှာ ကစားကွက် ကနေ အခွင့်အရေး ဖန်တီးမှု အများဆုံး လုပ်ထားနိုင်တဲ့ ကစားသမားဟာ အာဆင်နယ်နဲ့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်ဖန်တီးရှင်ဟောင်း အိုဇေးလ် (၁၀၄ကြိမ်) ဖြစ်ပြီး ဘရူနို ဖာနန်ဒက်စ်က ၃၀ရက်နေ့ညမှာ ပရီးမီးယားလိဂ်ပွဲ ၁ပွဲ ကစားဖို့ ကျန်နေသေးတာကြောင့် အဲ့ဒီပွဲမှာသာ အခွင့်အရေး ဖန်တီးမှု ၅ကြိမ် လုပ်နိုင်ခဲ့ရင် ဘရူနိုဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ သမိုင်းမှာ ၁နှစ်တာအတွင်း ကစားကွက် ကနေ အခွင့်အရေး ဖန်တီးမှု အများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်သွားဖို့ ရှိနေပါတယ်။