မန်ချက်စတာ ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ဟာ ဖူလ်ဟမ်နဲ့ပွဲစဉ်မှာ ပင်နယ်တီမကန်မီ ဒိုင်လူကြီးနဲ့ မတော်တဆ ဝင်တိုက်မိခဲ့တဲ့ကိစ္စအပေါ် ကလေးလို ဂျီကျခဲ့ပြီးနောက် ပင်နယ်တီလွဲချော်ခဲ့မှုကြောင့် “ကလေးကြီး”၊ “အရှက်ရစရာ” စသဖြင့် ပြင်းထန်တဲ့ ဝေဖန်မှုများနဲ့ ရင်ဆိုင်နေရပါတယ်။

(၁၂)ကိုက်စည်းကနေဆိုရင် အမြဲအားကိုးရလေ့ရှိတဲ့ ပေါ်တူဂီလက်ရွေးစင်ဟာ ဖူလ်ဟမ်ရဲ့ ခရာဗန် ကော့တေ့ချ်ကွင်းမှာ အဖွင့်ဂိုးသွင်းယူဖို့ အဖိုးတန်အခွင့်အရေး ရရှိခဲ့ပေမယ့် သူ့ရဲ့ပင်နယ်တီကန်ချက်က ဂိုးဘားတန်းပေါ်ကနေ ထောင်တက်သွားပြီး ပရိသတ်တွေကြားထဲကို ရောက်ရှိသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ပင်နယ်တီမကန်မီ ပြင်ဆင်နေချိန်မှာ ဒိုင်လူကြီး ခရစ် ကာဗာနာက နောက်ပြန်ဆုတ်ရင်း သူ့ကို မတော်တဆ ဝင်တိုက်မိခဲ့ရာကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit :  The Independent

ဘရူနိုက ပွဲအပြီးမှာ “ကျွန်တော် စိတ်အနှောင့်အယှက်ဖြစ်သွားတယ်။ ပင်နယ်တီကန်တဲ့သူတစ်ယောက်အနေနဲ့ ကိုယ်ပိုင်လုပ်နေကျအရာတွေ အလေ့အကျင့်တွေ ရှိပါတယ်။ ဒိုင်လူကြီးက တောင်းပန်စကားမပြောခဲ့တာကြောင့် ကျွန်တော် စိတ်တိုသွားခဲ့တယ်။ ဒါပေမဲ့ ဒါက ပင်နယ်တီလွဲချော်မှုအတွက် ဆင်ခြေတစ်ခုတော့ မဟုတ်ပါဘူး။ ကျွန်တော် ဘောလုံးကို ကန်လိုက်တာ အရမ်းဆိုးသွားတယ်။ ဘောလုံးအောက်ခြေကို အရမ်းထိုးမိသွားတော့ အပေါ်ကို ထောင်တက်သွားတာပါ” လို့ ရှင်းပြခဲ့ပါတယ်။

ဒါပေမဲ့ ဘရူနိုရဲ့ အငြင်းပွားစရာဖြစ်တဲ့ အပြုအမူဟာ ဝေဖန်မှုများစွာကို ဖိတ်ခေါ်ခဲ့ပြီး ချယ်လ်ဆီးကြယ်ပွင့်ဟောင်း ခရိတ် ဘာလေက ESPN မှာ အခုလိုပဲ ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်ခဲ့ပါတယ်။ “ကျွန်တော် အသင်းခေါင်းဆောင်အကြောင်း ပြောချင်တယ်။ သူက အမြဲတမ်း ညည်းညူပြီး ပွစိပွစိပြောနေတဲ့ တကယ့်ကလေးကြီးပဲ။ ပရော်ဖက်ရှင်နယ် ဘောလုံးသမားတစ်ယောက်အတွက် တကယ့်ကို အရှက်ရစရာပါ။”

Photo Credit : Goal

“ဒိုင်လူကြီးက မတော်တဆလေး ဝင်တိုက်မိတာကို တမင်သက်သက်ဝင်တိုက်သလိုမျိုး အကြီးအကျယ်လုပ်ပြခဲ့တယ်။ တကယ်တန်ဖိုးရှိတဲ့ ကစားသမားတိုင်းက ဒီကိစ္စကို ရယ်မောပြီး ပယ်နယ်တီကို အာရုံစိုက်ကန်မှာပဲ။ သူကတော့ ထုံးစံအတိုင်းပဲ ဒီအသေးအဖွဲကိစ္စလေးကို ညည်းညူပြီး ကလေးလိုဂျီကျနေခဲ့တယ်။ သူ့ရဲ့ ယူနိုက်တက်ကစားသမားဘဝက ကောင်းမွန်ခဲ့တာတွေ ရှိပေမယ့် ဒီလိုမလိုအပ်တဲ့ ဒီကိစ္စတွေကလည်း အမြဲရှိနေခဲ့တယ်။ ဒါဟာ မယုံနိုင်စရာကောင်းလောက်အောင် အရှက်ရစရာကောင်းပြီး ကလေးဆန်တဲ့ ကျောင်းကစားကွင်းထဲက ကိစ္စတွေလိုပဲ” လို့ ဘာလေက ဆိုပါတယ်။

ဒီပွဲစဉ်မှာ ယူနိုက်တက်အသင်းဟာ ရိုဒရီဂို မူနစ်ဇ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုနဲ့ ဦးဆောင်ဂိုးရရှိခဲ့ပေမယ့် နောက်ဆုံးမှာတော့ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဒီရလဒ်ကြောင့် နည်းပြ ရူဘင် အမိုရင်ရဲ့အသင်းဟာ ၂၀၂၅-၂၆ ရာသီရဲ့ ပထမဆုံးနိုင်ပွဲကို ဆက်လက် စောင့်ဆိုင်းနေရဆဲ ဖြစ်ပါတယ်။