ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘန်လေ ၀-၁ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာကြောင့် ရလာတဲ့ Man Of The Matchဆုကို သူ့ရဲ့ သွင်းဂိုးအား ဖန်တီးပေးခဲ့တဲ့ ဝါရင့် ခံစစ်မှူးကြီး ဂျွန်နီ အီဗန်ဆီ ပြန်လည် လွှဲပေးခဲ့ကြောင်း သိရပါတယ်။

ဘန်လေ ၀-၁ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ ဘန်လေက အဓိက ကစားသမား အစုံအလင် ထည့်သွင်း ကစားခဲ့သလို ယူနိုက်တက်ကလည်း ဒဏ်ရာရ ကစားသမားတွေ များနေတဲ့ ကြားထဲက အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံးဖြစ်မယ့် ပွဲထွက်လူစာရင်းနဲ့ ပွဲထွက်လာခဲ့တာကို မြင်တွေ့ရပါတယ်။

Photo Credit: Goal

မန်ချက်စတာ ယူနိုက်တက်က ဘန်လေထက် ကစားသမား အင်အား ပိုမို တောင့်တင်းပေမယ့် ချန်ပီယံလိဂ် ကန်ထားရတာကြောင့် ပွဲပန်းနေခဲ့သလို အိမ်ရှင် ဘန်လေကတော့ ပွဲမပန်းထားသလို ရလဒ်ဆိုးတွေ ကနေ ရုန်းထွက်ဖို့ ကြိုးစားလာတာကြောင့် နှစ်သင်းကြားမှာ ခြေစွမ်းပိုင်း ကွာဟချက် သိပ်မရှိခဲ့ပါဘူး။

နှစ်သင်းစလုံးက အပိုင်ဂိုးသွင်းခွင့်တွေ ကိုယ်စီ ကိုယ်စီ ရခဲ့ပေမယ့် ဘန်လေရဲ့ ကန်သွင်းချက်တွေကို ယူနိုက်တက် ဂိုးသမား အိုနာနာက စွမ်းစွမ်းတမံ ကာကွယ်နိုင်ခဲ့သလို ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်ကလည်း ရှားရှားပါးပါး ရလာတဲ့ ဂိုးသွင်းခွင့်ကို အကောင်းဆုံး အဆုံးသတ်ပေးနိုင်ခဲ့တာကြောင့် ယူနိုက်တက်တို့ဟာ အဝေးကွင်းမှာ အဖိုးတန် ရမှတ် ၃မှတ်ကို စုဆောင်းနိုင်ခဲ့တာပါ။

Photo Credit: Goal

ယူနိုက်တက် အတွက် အနိုင်ဂိုးကို သွင်းပေးနိုင်ခဲ့သလို တပွဲလုံး ခြေစွမ်းပြ ကစားနိုင်ခဲ့တာကြောင့် ဘရူနို ဖာနန်ဒက်က ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပေမယ့် ဘရူနို ဖာနန်ဒက်ကတော့ ယူနိုက်တက် အတွက် ပွဲ၂၀၀ပြည့် သွားခဲ့သလို သူ့ရဲ့ သွင်းဂိုးကိုပါ ဖန်တီးပေးခဲ့တဲ့ ဝါရင့် ခံစစ်မှူးကြီး ဂျွန်နီ အီဗန်ကို အကောင်းဆုံး ကစားသမားဆုအား ပြန်လည် လွှဲပြောင်းပေးခဲ့ပါတယ်။

အသက် ၃၅နှစ် အရွယ် မြောက်အိုင်ယာလန် လက်ရွေးစင် ဝါရင့် ခံစစ်မှူး ဂျွန်နီ အီဗန်က ယခုနှစ် နွေဈေးကွက် အတွင်းမှာ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ဆီ တရာသီ ကာလတိုစာချုပ်နဲ့ ပြန်လည် ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ဘန်လေ ၀-၁ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်ဟာ သူ့ရဲ့ ယူနိုက်တက် ကစားသမား ဘဝ ပွဲ၂၀၀ ပြည့်ခဲ့တဲ့ပွဲ ဖြစ်သလို အဆိုပါပွဲမှာ သူက အကောင်းဆုံး ကစားသမားဆုကိုပါ ရခဲ့တာကြောင့် အီဗန်အတွက် ဒီပွဲဟာ အမှတ်ရစရာပွဲ ဖြစ်နေမယ် ဆိုတာ အသေအချာပါပဲ။