မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ် က သူ့ရဲ့ ဘောလုံးကစားသမားဘဝ အဆုံးသတ်ချိန်ကျမှသာ ပိုပြီး စိတ်သက်သာရာ ရလိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။ ဒါကတော့ ယူနိုက်တက်အသင်း ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ အက်သလက်တစ် ဘီလ်ဘာအိုအသင်းကို ၃-၀ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ထွက်ပေါ်လာတဲ့ သူ့ရဲ့ မှတ်ချက်စကား ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ လက်ရှိရာသီအတွက် ပြင်ဆင်မှုအဖြစ် ကစားသမားသစ် အများအပြား ခေါ်ယူခဲ့ပေမယ့် နှစ်စပိုင်းကတည်းက ဖိအားတွေ တောက်လျှောက် ရင်ဆိုင်နေခဲ့ရပါတယ်။ အထူးသဖြင့် လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း ခြေစွမ်းပိုင်း ကျဆင်းမှုတွေ ရှိခဲ့ပြီး ဝေဖန်မှုများစွာ ခံခဲ့ရပါတယ်။ ဒီလို အခြေအနေတွေကြားထဲမှာ ဘရူနို ဖာနန်ဒက်စ်ကတော့ အသင်းရဲ့ ဖိအားတွေကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး တိုက်ပွဲဝင်နေတဲ့ ကစားသမား အနည်းငယ်ထဲက တစ်ဦးအဖြစ် ထင်ရှားနေပါတယ်။
Photo Credit : Goal
ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရပေမယ့် ယူနိုက်တက်အသင်းဟာ ဘီလ်ဘာအိုကို အဝေးကွင်းမှာ ၃-၀ နဲ့ အနိုင်ရခဲ့တာကြောင့် ဥရောပ ဒုတိယတန်း ပြိုင်ပွဲဖြစ်တဲ့ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ဖိုင်နယ်အဆင့်ကို တက်ရောက်ဖို့ အခြေအနေကောင်း ပိုင်ဆိုင်ထားပါတယ်။
ဒီပွဲအပြီး မီဒီယာတွေနဲ့ တွေ့ဆုံရာမှာ ဘရူနိုက မန်ချက်စတာ ယူနိုက်တက်လို ကမ္ဘာကျော် အသင်းကြီးမှာ ကစားရခြင်းရဲ့ ဖိအားတွေအကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပါတယ်။ သူ ဘောလုံးလောကကနေ အနားယူလိုက်တဲ့ အချိန်ကျမှသာ ဒီဖိအားတွေကနေ လွတ်မြောက်ပြီး စိတ်အေးနိုင်မယ်လို့ သူက ဆိုပါတယ်။ “စပို့တင်း လစ္စဘွန်းကလည်း အသင်းကြီးတစ်သင်းပါ။ ဒါပေမယ့် ယူနိုက်တက်ကတော့ ကမ္ဘာလုံးဆိုင်ရာ အသင်းကြီးလေ။ ကျွန်တော်တို့အပေါ် ကျရောက်တဲ့ အာရုံစိုက်မှုတွေ ဖိအားတွေက တကယ်ကို မယုံနိုင်စရာပါပဲ။”
Photo Credit : Goal
“ဖိအားကို ကျွန်တော် ခံစားမိပါတယ်။ ဒါက ဘောလုံးကစားခြင်းရဲ့ ကောင်းတဲ့အချက်တစ်ခုလို့လည်း ပြောလို့ရပါတယ်။ ဒါကို ကျွန်တော်တို့ ပျော်ပျော်ကြီး ရင်ဆိုင်ရမှာပါ။ ကျွန်တော့်ရဲ့ ကစားသမားဘဝ ပြီးဆုံးသွားတဲ့အခါကျရင်တော့ ဒီဖိအားတွေလည်း ပျောက်ကွယ်သွားမှာဖြစ်ပြီး ကျွန်တော် ပိုပြီး စိတ်အေးလက်အေး ရှိသွားမှာပါ။” သူက ဆက်ပြီး “ကျွန်တော် သေသွားတဲ့အခါကျရင် ကိုယ့်ဘာသာ လှဲလျောင်း အနားယူဖို့ အချိန်တွေ အများကြီး ရမှာပါ။” လို့ အရွှန်းဖောက် ပြောကြားခဲ့ပါတယ်။
ယူနိုက်တက် အသင်းခေါင်းဆောင်ဟာ ဒီနိုင်ပွဲနဲ့အတူ ယူရိုပါလိဂ် ပြိုင်ပွဲတစ်လျှောက် ဂိုးသွင်းမှု + ဂိုးဖန်တီးမှု စုစုပေါင်း (၂၇)ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါဟာ တိုက်စစ်မှူးဟောင်း ရိုမီလူ လူကာကူနဲ့အတူ ပြိုင်ပွဲသမိုင်းတစ်လျှောက် တတိယအများဆုံး စံချိန်မှာ ပူးတွဲရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီစံချိန်နဲ့ ပတ်သက်လို့ သူက “ကျွန်တော် အကြိမ်(၃၀)ဝန်းကျင်လောက် ရှိနေပြီလို့တော့ သိပါတယ်။ ဒါပေမယ့် အရေအတွက် အတိအကျတော့ မသိခဲ့ဘူး။ ဂိုးတွေမှာ ပါဝင်ပတ်သက်နေမှုက ကျွန်တော့် ကစားပုံရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဒီတာဝန်ကို ကျွန်တော် ယူရပါတယ်။ တစ်ရာသီအတွင်း ဂိုး(၃၂)ဂိုး သွင်းယူနိုင်ခဲ့လို့ပဲ ကလပ်အသင်းက ကျွန်တော့်ကို ဝယ်ယူခဲ့တာပါ။” လို့ ပြောကြားခဲ့ပါတယ်။