ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ကစားသမား နှစ်ဦး ဖြစ်တဲ့ ဂိုးသမား ဒီဂီယာနဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်တို့ဟာ ပရီးမီးယားလိဂ်ရဲ့ တနှစ်တာ အကောင်းဆုံးအသင်းရဲ့ စကာတင် ကစားသမား စာရင်းထဲမှာ အံ့အားသင့်ဖွယ် မပါဝင်ခဲ့ကြောင်း သိရပါတယ်။

ပရီးမီးယားလိဂ်ရဲ့ တနှစ်တာ အကောင်းဆုံးအသင်း အတွက် စကာတင် ကစားသမား အယောက် ၄၀ စာရင်းကို ထုတ်ပြန် ကြေညာခဲ့ရာ လက်ရှိ ပရီးမီးယားလိဂ်မှာ ပေးဂိုးမရှိတဲ့ပွဲ အများဆုံး ဖြစ်နေတဲ့ ယူနိုက်တက် ဂိုးသမား ဒီဂီယာဟာ စကာတင် စာရင်းထဲ မပါဝင်ခဲ့ပါဘူး။

Photo Credit: Team Talk

ဒီဂီယာက ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပရီးမီးယားလိဂ်ပွဲ ၃၀ပွဲ ပါဝင် ကစားပေးထားရာ ပေးဂိုးမရှိတဲ့ပွဲ ၁၄ပွဲ အထိ ရှိခဲ့သလို ပေးဂိုး အရေအတွက်ကလည်း ၃၇ဂိုးသာ ရှိခဲ့ပေမယ့် သူဟာ တနှစ်တာ အကောင်းဆုံးအသင်းရဲ့ ဂိုးသမားနေရာ အတွက် စကာတင် စာရင်းထဲမှာ မပါဝင်ခဲ့ပဲ နစ်ပုတ် (နယူးကာဆယ်) ၊ အယ်လီဆန် (လီဗာပူး) ၊ ရမ်စဒဲလ် (အာဆင်နယ်) ၊ လေနို (ဖူဟမ်)နဲ့ ကီပါ (ချယ်လ်ဆီး) စတဲ့ ဂိုးသမားတွေကပဲ စကာတင် စာရင်းထဲ ပါဝင်ခဲ့ပါတယ်။

ဒါ့အပြင် ယူနိုက်တက်ရဲ့ ဒုတိယ အသင်းခေါင်းဆောင် ဖြစ်တဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်ကလည်း ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပရီးမီးယားလိဂ်ပွဲ ၂၉ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၅ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၆ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ကာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကစားကွက် ကနေ အခွင့်အရေး ဖန်တီးမှု အများဆုံး ကွင်းလယ်လူ အဖြစ် ရပ်တည်နိုင်နေပေမယ့် တနှစ်တာ အကောင်းဆုံးအသင်းရဲ့ စကာတင် ကွင်းလယ်လူ စာရင်းထဲမှာ မပါဝင်ခဲ့ပြန်ပါဘူး။

Photo Credit: Standard

တနှစ်တာ အကောင်းဆုံးအသင်းရဲ့ စကာတင် ကွင်းလယ်လူ စာရင်းမှာ အိုဒီဂတ် (အာဆင်နယ်) ၊ ဒီဘရိုင်း (မန်စီးတီး) ၊ ကတ်စ်မဲရိုး (မန်ယူ) ၊ ရိုဒရီ (မန်စီးတီး) ၊ ဂွီမာရေးစ် (နယူးကာဆယ်) ၊ အယ်လစ္စတာ (ဘရိုက်တန်) ၊ ပယ်လ်ဟင်ဟာ (ဖူလ်ဟမ်) ၊ မက်ဒီဆန် (လက်စတာ) ၊ မက်စ် (ဘရိုက်တန်) ၊ မီတိုမာ (ဘရိုက်တန်) ၊ ဘန်တန်ကာ (စပါး) ၊ ဟွိုက်ဗက်ချ် (စပါး) စတဲ့ ကစားသမားတွေ ပါဝင်ခဲ့ပါတယ်။

ဘရူနို ဖာနန်ဒက်နဲ့ ဒီဂီယာတို့က တနှစ်တာ အကောင်းဆုံးအသင်းရဲ့ စကာတင် ကစားသမား စာရင်းထဲမှာ မပါဝင်ခဲ့ကြပေမယ့် မာတီနက်ဇ် ၊ လုခ်ရှော ၊ ကတ်စ်မဲရိုး ၊ ရက်ဖို့ဒ် စတဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမား ၄ဦးကတော့ စကာတင် ကစားသမား စာရင်းထဲ ပါဝင်ခဲ့ကြပါတယ်။