ဘရိုက်တန်အသင်းကတော့ အသင်းရဲ့ အီကွေဒေါ ကွင်းလယ်လူ မွိုက်စ် ကိုင်စီဒိုကို ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ချယ်လ်ဆီးအသင်းဆီ ရောင်းချပြီးနောက် ကွင်းလယ်ပိုင်းအတွက် ကစားသမား ပြန်လည် အစားထိုးဖို့ စီစဉ်လာခဲ့ပါတယ်။
ကိုင်စီဒို နေရာအတွက် လိုင်လီအသင်းရဲ့ ကင်မရွန်း လူငယ် ကွင်းလယ် ကစားသမားလေး ဘာလီဘာကို အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ထားသလို အခုလည်း အာဆင်နယ် ကွင်းလယ်လူ အယ်လ်ဘတ် ဆမ်ဘီ လိုဂွန်ဂါကို ခေါ်ယူဖို့ပါ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။
Photo Credit : talkSPORT
ကိုင်စီဒိုကို ချယ်လ်ဆီးအသင်းဆီ ပေါင် (၁၁၅)သန်းနဲ့ ရောင်းချထားတဲ့ ဘရိုက်တန်အသင်းဟာ အသက် (၁၉)နှစ်သားလေး ဘာလီဘာကို ပြောင်းရွှေ့ကြေး ယူရို သန်း(၃၀)နဲ့ ခေါ်ယူသွားဖို့ အနီးစပ်ဆုံး အခြေအနေမှာ ရှိနေပြီ ဖြစ်သလို အာဆင်နယ်မှာ နေရာရဖို့ မလွယ်ကူနိုင်တဲ့ လိုဂွန်ကိုပါ အလိုရှိလာခဲ့ပါတယ်။
အသက် (၂၃)နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံ ကွင်းလယ် ကစားသမား လိုဂွန်ဂါဟာ အန်ဒါလက်ချ် လူငယ် အကယ်ဒမီကနေ ပေါ်ထွက်လာတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၂၁ခုနှစ်ကမှ အာဆင်နယ်အသင်းဆီကို ပေါင် (၁၇)သန်းဝန်းကျင်လောက်နဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
Photo Credit : Daily Cannon
လိုဂွန်ဂါက သူရဲ့ အာဆင်နယ် ကစားသမားဘဝ ပွဲဦးထွက်ရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ (၂၄)ပွဲအထိ ပါဝင် ကစားနိုင်ခဲ့ပေမယ့် မနှစ်က ဘောလုံးရာသီမှာတော့ (၁၅)ပွဲသာ ကစားရသလို လက်ကျန် ရာသီဝက်မှာလည်း ပဲလေ့စ်အသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ခဲ့ရပါတယ်။
အခုလည်း ဘရိုက်တန်က အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ ကစားသမားအင်အား အပြည့်အဝ ရှိနေဖို့အတွက် ဘာလီဘာရော လိုဂွန်ဂါကိုပါ အလိုရှိလာခဲ့ပြီး လိုဂွန်ဂါကတော့ တစ်ရာသီ အငှားစာချုပ်နဲ့သာ ခေါ်ယူသွားဖို့ ရှိနေပါတယ်။