ပရီးမီးယားလိဂ်အသင်း တသင်း ဖြစ်တဲ့ ဘရိုက်တန်က ပရီးမီးယားလိဂ် ထိပ်သီးကလပ်တွေ ဖြစ်တဲ့ ချယ်လ်ဆီးနဲ့ လီဗာပူးတို့ရဲ့ စိတ်ဝင်စားမှုကို ရထားတဲ့ သူတို့အသင်းရဲ့ ကွင်းလယ်လူ ကိုင်စီဒို အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်း အထိ လိုချင်နေကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဒန်ကန် ကတ်စတယ်က အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ချယ်လ်ဆီးနဲ့ လီဗာပူးတို့ နှစ်သင်းစလုံးက လက်ရှိ ဘောလုံးရာသီမှာ ကွင်းလယ်ပိုင်း အားနည်းချက်တွေကြောင့် ရလဒ်တွေ ဆိုးဝါးနေတဲ့ အသင်းတွေ ဖြစ်ပြီး နှစ်သင်းစလုံးက သူတို့ရဲ့ အားနည်းချက်ကို ပြင်ဆင်ဖို့ အတွက် ထိပ်သီး ကွင်းလယ်လူတွေကို ခေါ်ယူရန် စီစဉ်နေကြပါတယ်။

Photo Credit: Team Talk

လီဗာပူးက လာမယ့် နွေဈေးကွက်မှာ ဒေါ့မွန် ကွင်းလယ်လူ ဘယ်လင်ဟမ်နဲ့ ကိုင်စီဒိုတို့ကို ခေါ်ယူဖို့ စီစဉ်နေသလို ချယ်လ်ဆီးကလည်း ဘင်ဖီကာ ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်နဲ့ ကိုင်စီဒိုတို့ နှစ်ဦးစလုံးကို တပြိုင်နက်ထဲ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

အသက် ၂၁နှစ် အရွယ် ကိုလံဘီယာ လက်ရွေးစင် ကွင်းလယ်လူ ကိုင်စီဒိုက ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ကမှ အင်ဒီပန်ဒီယန့်တီ ကနေ ဘရိုက်တန်ထံ ပြောင်းရွှေ့ကြေး ယူရို ၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ဘရိုက်တန် အတွက် ၂၀၂၂ခုနှစ် ဇန်နဝါရီမှာမှ စတင် ကစားခွင့် ရခဲ့ပေမယ့် ပရီးမီးယားလိဂ်နဲ့ ခပ်မြန်မြန်ပဲ အသားကျခဲ့သလို လက်ရှိ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဗဟိုကွင်းလယ်လူတွေထဲက တဦး ဖြစ်နေပါပြီ။

Photo Credit: Sky Sports

ဒါကြောင့်ပဲ ဘရိုက်တန်က သူတို့ရဲ့ အဓိက ကွင်းလယ်လူ ကိုင်စီဒိုကို အလွယ်တကူ လက်မလွှတ်လိုပဲ ဘရိုက်တန်က ကိုင်စီဒိုကို သင့်တော်တဲ့ ပြောင်းရွှေ့ကြေး ရမှသာ ရောင်းချဖို့ ဆုံးဖြတ်ထားကာ လက်ရှိမှာတော့ ချယ်လ်ဆီးနဲ့ လီဗာပူးတို့ရဲ့ တာဝန်ရှိသူတွေက ကိုင်စီဒိုအတွက် ဘရိုက်တန်နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

နာမည်ကြီး သတင်းထောက် ဒန်ကန် ကတ်စတယ်ရဲ့ ဖော်ပြချက်အရ ဘရိုက်တန်က ကိုင်စီဒိုအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်း အတိ လိုချင်နေပြီး ချယ်လ်ဆီးနဲ့ လီဗာပူးတို့ကတော့ ကိုင်စီဒိုအတွက် ပြောင်းရွှေ့ကြေး ပေါင် ၈၀သန်း ဝန်းကျင်သာ ပေးချေချင်နေကြောင်း သိရပါတယ်။