ယမန်နေ့ညရဲ့ အစောဆုံး ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲက တပွဲ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ဘရိုက်တန်တို့ရဲ့ ပွဲစဉ်မှာတော့ ဧည့်သည် ဘရိုက်တန်က အိမ်ရှင် မန်ချက်စတာ ယူနိုက်တက်ကို အဝေးကွင်းမှာ ၁-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ တာထွက်လှသွားခဲ့ပါတယ်။

အိုးထရက်ဖို့ဒ်ကွင်းထဲမှာ ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ ဘရိုက်တန်က ပွဲစပွဲဆုံး မန်ချက်စတာ ယူနိုက်တက်ကို ကစားရခက်ခဲအောင် လုပ်ဆောင်သွားနိုင်ခဲ့သလို သူတို့အသင်းရဲ့ အမြင့်ဘော အားသာချက်ကို အသုံးချကာ Second Ballတွေကို ရအောင် ယူပြီး မန်ချက်စတာ ယူနိုက်တက်ဘက်ကို တိုက်စစ်ဆင် ကစားသွားခဲ့ပါတယ်။

Photo Credit: Metro

ဘရိုက်တန်ရဲ့ ဗျူဟာကျတဲ့ ကစားကွက်ကြောင့်ပဲ အမြင့်ဘော အားနည်းတဲ့ မန်ချက်စတာ ယူနိုက်တက်က ကစားကွက် တည်ဖို့ ခက်ခဲခဲ့ပြီး ပထမပိုင်းမှာတင် ဘရိုက်တန်ဘက်ကို သွင်းဂိုး ၂ဂိုး ခွင့်ပြုပေးခဲ့ရကာ အယ်လစ်စတာရဲ့ လက်ဆောင် OGဂိုးကြောင့်သာ အိမ်ကွင်းမှာ အရှက်တကွဲ မရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါနိုင်ပွဲဟာ ဘရိုက်တန်ရဲ့ သမိုင်းတလျှောက် အိုးထရက်ဖို့ဒ်ကွင်းမှာ ပထမဦးဆုံး ရတဲ့ နိုင်ပွဲ အဖြစ် မှတ်တမ်းဝင်သွားခဲ့သလို ပွဲပြီးဆုံးချိန်မှာလည်း ဘရိုက်တန်က ဆိုရှယ်မီဒီယာပေါ် ကနေ မန်ချက်စတာမြို့ဟာ အပြာရောင်ပါကွာလို့ ပြောရင်း မန်ချက်စတာ ယူနိုက်တက်ကို စနောက်သွားခဲ့ပါသေးတယ်။

Photo Credit: Metro

ဘရိုက်တန်က သူတို့အသင်းရဲ့ တရားဝင် စာမျက်နှာတွေပေါ် ကနေ “မန်ချက်စတာမြို့က ငါတို့ ဘရိုက်တန်မြို့လိုပဲ အပြာရောင်ကြီး…” ဆိုတဲ့ စာသားအား တင်ကာ မန်ချက်စတာ ယူနိုက်တက်ကို စနောက်ခဲ့တာပဲ ဖြစ်ပါတယ်။

လာမယ့်အပတ်မှာတော့ မန်ချက်စတာ ယူနိုက်တက်က အဝေးကွင်းမှာ ဘရန့်ဖို့ဒ်နဲ့ သွားရောက် ရင်ဆိုင် ကစားရဖို့ ရှိနေပြီး ဘရိုက်တန်ကတော့ အိမ်ကွင်းမှာ နယူးကာဆယ်ကို လက်ခံ ကစားရပါမယ်။