ဘရိုက်တန်အသင်းကတော့ သူတို့အသင်းရဲ့ ဂျပန်ကြယ်ပွင့် တောင်ပံကစားသမား ကာအိုယူ မိတိုမာကို လာမယ့် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာပဲ ရောင်းထုတ်သွားဖို့ စဉ်းစားနေပြီလို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက် (၂၆)နှစ်အရွယ် ဂျပန် ဘယ်တောင်ပံကစားသမား မိတိုမာဟာ ၂၀၂၁ခုနှစ်ကမှ ဂျပန် ဂျေလိဂ်ကလပ် ကာဝါဆာကီကနေ ဘရိုက်တန်အသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အဲ့ဒီရာသီမှာပဲ ဘယ်လ်ဂျီယံကလပ် ဆန်လွိုက်ဆီအသင်းထံ တစ်ရာသီအငှားချခဲ့ရပါတယ်။

Photo Credit : Get Football News

ပြီးခဲ့တဲ့ ဘောလုံးရာသီမှ ဘရိုက်တန်အသင်းဆီ အငှားကနေ ပြန်ရောက်ပြီး ဘရိုက်တန်နဲ့ စတင် ပွဲကစားပေးခွင့် ရရှိလာခဲ့တဲ့ မိတိုမာဟာ အဲ့ဒီရာသီမှာပဲ ပြိုင်ပွဲစုံ ပွဲပေါင်း (၄၁)ပွဲအထိတောင် ကစားပေးခဲ့ရင်း (၁၀)ဂိုးသွင်း (၈)ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဒီလို အထင်ကြီးလောက်စရာ စွမ်းဆောင်ရည်တွေကြောင့် ဒီအာရှသားကို ဥရောပထိပ်သီး ကလပ်အသင်းတွေက စတင် စိတ်ဝင်စားလာခဲ့ပါတယ်။ ဒီရာသီမှာတော့ မိတိုမာက ဒဏ်ရာ အခြေအနေတွေ ရှိနေခဲ့တာကြောင့် အသင်းတွက် ပွဲအနည်းငယ်ခန့် မကစားနိုင်ခဲ့ပေမယ့်လည်း (၂၄)ပွဲအထိတော့ ကစားထားနိုင်ပြီး (၃)ဂိုးသွင်း (၆)ဂိုးဖန်တီးထားနိုင်ခဲ့ပါသေးတယ်။

Photo Credit : We Are Brighton

လက်ရှိမှာတော့ ဘရိုက်တန်အသင်းက ဒိန်းမတ်ကလပ် နော့ဂျေးလန်းစ်အသင်းရဲ့ ဆယ်ကျော်သက်အရွယ် ဂါနာ တောင်ပံကစားသမားလေး အီဘရာဟင် အော့စမန်ကို ပေါင် (၁၆)သန်းနဲ့ ခေါ်ယူပြီး ၂၀၂၉ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့သလို ဒီကစားသမားလေးဟာလည်း လာမယ့်နွေမှာပဲ အသင်းနဲ့ ပူးပေါင်းတော့မှာဖြစ်လို့ ဘရိုက်တန်က အသင်းရဲ့ winger တစ်ဦးဖြစ်တဲ့ မိတိုမာကို ရောင်းထုတ်ချင်လာခဲ့ပါတယ်။

ယူရို သန်း(၅၀)လောက်အထိ တန်ကြေးရှိနေတဲ့ မိတိုမာကိုလည်း ပရီးမီးယားလိဂ် ထိပ်သီးကလပ်အသင်းတွေအပြင် ဘာစီလိုနာကလည်း သူတို့ အငှားချထားတဲ့ အကယ်ဒမီထွက် ကစားသမားလေး အန်ဆူ ဖာတီနဲ့ပါ ကစားသမားချင်း အလဲအလှယ် လုပ်ဆောင်သွားချင်နေပါတယ်။