မန်ချက်စတာယူနိုက်တက်အသင်းက လာမယ့်နွေမှာ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတဲ့ ဂျပန် ကြယ်ပွင့်ကစားသမားလေး မိတိုမာ အပါအဝင် အသင်းရဲ့ အဓိက ကစားသမားတွေကို ရောင်းထုတ်သွားမှာ မဟုတ်ကြောင်း ဘရိုက်တန်အသင်းဘက်က တုံ့ပြန်သွားခဲ့ပါတယ်။

Photo Credit : Eurosport

ဒီရာသီ ပရီးမီးယားလိဂ်မှာ အတော်လေး ခြေစွမ်းပြသလျက် ရှိနေတဲ့ ဂျပန် တောင်ပံ ကစားသမားလေး မိတိုမာကို မန်ယူနိုက်တက် အပါအဝင် ပရီးမီးယားလိဂ် ကလပ်အသင်းများစွာက စိတ်ဝင်စားနေပြီး ဘရိုက်တန်အသင်းရဲ့ အမှုဆောင်ချုပ် ပေါလ်ဘာဘာကတော့ အသင်းရဲ့ ကြယ်ပွင့်ကစားသမားတွေကို ရောင်းထုတ်သွားမှာ မဟုတ်ကြောင်း အသိပေးသွားခဲ့ပါတယ်။ မိတိုမာဟာ ဘရိုက်တန်အသင်းရဲ့ key player ကစားသမားတစ်ဦး ဖြစ်နေပြီး အသက်(၂၅)နှစ်အရွယ် ကစားသမားက ပြိုင်ပွဲစုံမှာ စုစုပေါင်း သွင်းဂိုး (၉)ဂိုး သွင်းယူပေးထားသလို (၆)ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။

Photo Credit : Daily Mail

ဘရိုက်တန်အသင်းက ပြီးခဲ့တဲ့ စျေးကွက်တွေအတွင်းမှာ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ကူကရယ်လာ ထရိုဆက်ဒ် ဘစ်ဆူးမားတို့ကို ဆုံးရှုံးထားခဲ့ရတာဖြစ်လို့ လာမယ့်စျေးကွက်ထဲမှာလည်း မိတိုမာ အယ်လစ္စတာ ကိုင်စီဒိုတို့လို နောက်ထပ် ကြယ်ပွင့် ကစားသမားတွေကို ထပ်မံ မဆုံးရှုံးရဖို့ စာချုပ်သစ် ချုပ်ဆိုဖို့ကိုသာ လုပ်ဆောင်လျက် ရှိနေပါတယ်။ ဘရိုက်တန်အသင်းဟာ မကြာသေးခင်ကလည်း အသင်းကြီးတွေရဲ့ ပစ်မှတ် ကစားသမားဖြစ်သူ မွိုက်စ်ကိုင်စီဒိုကို စာချုပ် သက်တမ်း တိုးမြှင့်နိုင်ခဲ့သလို မိတိုမာကိုလည်း အသင်းမှာပဲ ဆက်လက် ထားရှိနိုင်ဖို့ ကြိုးပမ်းဖွယ် ရှိနေပါတယ်။

Photo Credit : Premier League

၂၀၂၁ခုနှစ်က ဂျေလိဂ်ကလပ် ကာဝါဆာကီအသင်းကနေ ဘရိုက်တန်ကို ရောက်ရှိလာခဲ့တဲ့ ဂျပန်လက်ရွေးစင် ဘယ်တောင်ပံ ကစားသမား မိတိုမာဟာ ဘရိုက်တန်နဲ့ ပွဲမထွက်ရခင်မှာပဲ ဘယ်လ်ဂျီယံကလပ် ဆန်လွိုက်ဆီအသင်းမှာ တစ်ရာသီ အငှားနဲ့ သွားရောက်ကစားခဲ့ပြီး ဆန်လွိုက်ဆီမှာ (၂၉)ပွဲ ကစား (၈)ဂိုးသွင်း (၄)ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။