ပရီးမီးယားလိဂ်အသင်း ဖြစ်တဲ့ ဘရိုက်တန်က ယနေ့မနက် အစောပိုင်းမှာပဲ သူ့ကို ဒီဈေးကွက်အတွင်းမှာ အသင်းပြောင်းခွင့် ပေးဖို့ လူသိရှင်ကြား တောင်းဆိုခဲ့တဲ့ ကွင်းလယ်လူ ကိုင်စီဒိုကို အပြစ်ပေးတဲ့အနေနဲ့ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းခွင့် ပိတ်လိုက်ကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၁နှစ် အရွယ် အီကွေဒေါ လက်ရွေးစင် ကွင်းလယ်လူ ကိုင်စီဒိုက ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ ဘရိုက်တန်နဲ့အတူ တောက်ပလာတဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာလည်း ဘရိုက်တန်အတွက် ပြိုင်ပွဲစုံမှာ ၂၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့ကာ ၁ဂိုး ဖန်တီးပေးထားနိုင်ပါတယ်။

Photo Credit: The Times

ကိုင်စီဒိုက နည်းစနစ်ပိုင်း ကြွယ်ဝတဲ့ ဗဟိုကွင်းလယ်လူ တဦး ဖြစ်ပြီး သူက အသင်းရဲ့ တန်ပိုကို လိုသလို ထိန်းညှိပေးနိုင်သလို ကွင်းလယ်ခံစစ်နဲ့ ဗဟိုကွင်းလယ် နှစ်နေရာစလုံးမှာ ကစားနိုင်စွမ်း ရှိတာကြောင့် ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်းတွေ ဖြစ်တဲ့ ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့က သူ့ကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေသလို တရားဝင် ကမ်းလှမ်းမှုတွေလည်း အသီးသီး ပြုလုပ်ထားကြပါတယ်။

တဖက်မှာ ဘရိုက်တန်ကတော့ ယခုနှစ် ဘောလုံးရာသီ အတွင်းမှာ အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်တဲ့ ကူကူရယ်လာ ၊ ထရော့ဆက် ၊ ဘစ်ဆူးမား ၊ မော်ပေး စတဲ့ ကစားသမားတွေကို ဆုံးရှုံးထားရတာကြောင့် ကိုင်စီဒိုကို အသင်းမှာပဲ ရာသီကုန် အထိ ဆက်ထိန်းထားဖို့ ဆုံးဖြတ်ထားကာ ဘရိုက်တန်နည်းပြ ဒီဇာဘီကလည်း ကိုင်စီဒိုကို အသင်းမှာပဲ ရာသီကုန် အထိ ဆက်ထားဖို့ စဉ်းစားထားကြောင်း ယမန်နေ့ညပိုင်းမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတင် ထုတ်ပြောသွားခဲ့ပါတယ်။

Photo Credit: The Times

ဒါပေမယ့် ကိုင်စီဒိုကတော့ ယနေ့မနက် အစောပိုင်းမှာပဲ သူ့ရဲ့ လူမှုကွန်ယက်အကောင့် ကနေ အသင်းကြီးတွေထံ ပြောင်းရွှေ့ခွင့်ဟာ တသက်မှာ တကြိမ်သာ ရတဲ့ အခွင့်အရေးမျိုး ဖြစ်တာကြောင့် သူ့ကို အသင်းပြောင်းခွင့် ပေးဖို့နဲ့ ဘရိုက်တန်ဖန်တွေကလည်း သူ့ရဲ့ ခံစားချက်ကို နားလည်မယ်လို့ ယုံကြည်ကြောင်း စာရေးတင်ကာ သူ့ရဲ့ စိတ်ဆန္ဒကို လူသိရှင်ကြား ဖော်ပြလာခဲ့ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘရိုက်တန်ရဲ့ တာဝန်ရှိသူတွေနဲ့ နည်းပြဖြစ်သူ ဒီဇာဘီက သူတို့ကို အသိမပေးပဲ လူမှုကွန်ယက်မှာ စာတင်ခဲ့တဲ့ ကိုင်စီဒိုကို အတော်လေး ဒေါသထွက်နေကြပြီး ဒီဇာဘီက ကိုင်စီဒိုကို ယနေ့မှ စကာ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းခွင့် ပိတ်လိုက်သလို ဘရိုက်တန်ရဲ့ ဘုတ်အဖွဲ့ကလည်း ကိုင်စီဒိုကို ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ပေးဖို့ ပြင်ဆင်နေပြီး ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ကတော့ ကိုင်စီဒိုရဲ့ စာကြောင့် အပြောင်းအရွှေ့ ဖြစ်မြောက်လာရေး အတွက် အရှိန်မြှင့် ကြိုးပမ်းလာတော့မယ်လို့ သိရပါတယ်။