ပရီးမီးယားလိဂ် ကလပ်အသင်း ဘရိုက်တန်ကတော့ ဒေါ့မွန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီး ကလပ်အသင်းလက်မဲ့ ဖြစ်နေတဲ့ ဂျာမနီ ဝါရင့် နောက်ခံကစားသမားကြီး မတ် ဟမ်းမဲလ်စ်ကို ခေါ်ယူသွားဖို့ ဆက်သွယ်မှုတွေ လုပ်ဆောင်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက် (၃၅)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဝါရင့် ခံစစ်ကစားသမားကြီး ဟမ်းမဲလ်စ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဒေါ့မွန်အသင်းနဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲ ဖိုင်နယ်အဆင့်ထိ တက်လှမ်းနိုင်ခဲ့ပေမယ့် အသင်းနဲ့က စာချုပ် ကုန်ဆုံးသွားတာကြောင့် အသင်းကနေ အလွတ်နဲ့ ထွက်ခွာခဲ့ရပါတယ်။

Photo Credit : Eurosport

ဟမ်းမဲလ်စ်ဟာ ကစားသမားဘဝအတွင်း ဒေါ့မွန်နဲ့ ဘိုင်ယန်မြူးနစ်တို့မှာသာ ကစားခဲ့ရပေမယ့်လည်း ဒီနှစ်သင်းလုံးအတွက် ပွဲပေါင်းများစွာ ကစားခဲ့ဖူးသလို ဂျာမနီ လက်ရွေးစင်အသင်းအတွက်လည်း ပွဲအရေအတွက်ပေါင်း (၇၈)ပွဲအထိ ကစားပေးခဲ့ဖူးသလို ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ချန်ပီယံဆုကို ဆွတ်ခူးခဲ့ပါသေးတယ်။

ဘိုင်ယန်နဲ့ ဒေါ့မွန်တို့အတွက် ပွဲပေါင်း (၆၆၈)ပွဲအထိ ကစားခဲ့ဖူးပြီး ဆုဖလားတွေများစွာပါ ပိုင်ဆိုင်ခဲ့ဖူးတဲ့ ဟမ်းမဲလ်စ်ဟာ အသက်အရွယ်အရ အကျပိုင်းကို ရောက်နေပေမယ့်လည်း အကောင်းဆုံး ခံစစ်စွမ်းရည်တွေကို ပြသနေဆဲဖြစ်လို့ သူ့ကို ကလပ်အသင်းများစွာက အလွတ်နဲ့ ခေါ်ယူသွားဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေပါတယ်။

Photo Credit : TEAMtalk

မကြာသေးခင်ကလည်း ဘိုလော့ဂ်နာအသင်းက ဟမ်းမဲလ်စ်ကို free transfer နဲ့ ခေါ်ယူ စာချုပ်ဖို့အတွက် ကစားသမား အေးဂျင့်နဲ့ ဆက်သွယ်မှုတွေ လုပ်ဆောင်ထားပြီး ကမ်းလှမ်းမှုတွေလည်း လုပ်ဆောင်ထားတယ်လို့ ဘိုလော့ဂ်နာဘက်ကနေ အတည်ပြုထားပေမယ့် ဟမ်းမဲလ်စ်ကတော့ အခုချိန်ထိ ဘိုလော့ဂ်နာရဲ့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပါတယ်။

လက်ရှိမှာ ဟမ်းမဲလ်စ်ကို ရိုးမားအသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေချိန် ဘရိုက်တန်အသင်းကပါ ရိုးမားနဲ့အပြိုင် ဟမ်းမဲလ်စ်ကို ခေါ်ယူချင်လာခဲ့ပြီး ဘရိုက်တန် နည်းပြသစ်ဖြစ်တဲ့ ဂျာမန်လူမျိုး ဟူဇလာက ဟမ်းမဲလ်စ်လို အတွေ့အကြုံရှိ ဂျာမနီ ခံစစ်မှူးကြီးကို အလိုရှိနေတဲ့အတွက် ဆက်သွယ်မှုတွေ လုပ်ဆောင်လာတယ်လို့ Sky Sports မှာ ဖော်ပြခဲ့ပါတယ်။