အသက် (၁၇)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဘရာဇီးလ်အသင်းရဲ့ လူငယ် ကစားသမားလေး အန်းဒရစ် ဖီလစ်ပီက ဘရာဇီးလ် နဲ့ အာဂျင်တီးနားအသင်းတို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်အတွင်း လီယွန်နယ် မက်ဆီလို GOAT ကြီးတစ်ဦးနဲ့ ရင်ဆိုင်ရတော့မှာကို အရမ်း စိတ်လှုပ်ရှားနေတယ်လို့ ဖွင့်ဟလိုက်ပါတယ်။

တောင်အမေရိကရဲ့ အင်အားကြီး အသင်းတွေဖြစ်တဲ့ ဘရာဇီးလ် နဲ့ အာဂျင်တီးနားတို့ဟာ (၂၂)ရက်နေ့မှာပဲ ၂၀၂၃ခုနှစ်ရဲ့ နောက်ဆုံးသော ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်အဖြစ် ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနေရိုးမြို့မှာ ယှဉ်ပြိုင်သွားကြမှာပဲ ဖြစ်ပါတယ်။

Photo Credit : Youtube

နှစ်သင်းလုံးကတော့ ပြီးခဲ့တဲ့ ပွဲစဉ်တွေထဲ ရှုံးပွဲကိုယ်စီ တွေ့ကြုံထားခဲ့ပေမယ့်လည်း (၅)ပွဲ ကစားထားပြီးချိန်မှာ အာဂျင်တီးနားက (၁၂)မှတ်နဲ့ ဇယားထိပ်မှာ ရှိနေပြီး ဘရာဇီးလ်ကတော့ (၇)မှတ်နဲ့ အဆင့် (၅)နေရာမှာ ရှိနေတဲ့အတွက် ဒီပွဲက ဘရာဇီးလ်အတွက် ပိုပြီး အရေးကြီးနေပါတယ်။

ဒီပွဲမှာ ဘရာဇီးလ်ဘက်က တိုက်စစ်ပိုင်းအတွက် နေမာ ဗင်နီစီယပ်စ်တို့ ဒဏ်ရာတွေ ရရှိနေသလို ဂျေဇူးကလည်း ရာနှုန်းပြည့် fit မဖြစ်နိုင်သေးတဲ့အတွက် လက်ရှိ အသင်းရဲ့ အသက်အငယ်ဆုံးသော ကစားသမားလေး အန်းဒရစ်ကို ပွဲထွက် ကစားသမားအဖြစ် အသုံးပြုလာနိုင်ဖွယ် ရှိနေပါတယ်။

Photo Credit : IG Esports

အန်းဒရစ်အနေနဲ့ သူရဲ့ ဒုတိယမြောက် ဘရာဇီးလ် ကစားသမားဘဝ ပွဲစဉ်မှာပဲ မက်ဆီလို ကမ္ဘာ့ထိပ်သီး အကောင်းဆုံး ကစားသမားကြီးနဲ့ ရင်ဆိုင်ရတော့မယ့်အပေါ် အန်းဒရစ်က “မက်ဆီဟာ အံ့မခန်း ကစားသမားကြီးပါ။ ဒီနှစ်မှာလည်း ကမ္ဘာ့အကောင်းဆုံး ကစားသမားပါ ထပ်ဖြစ်ခဲ့ရပြန်ပါတယ်။”

“ဒီလို ကစားသမားမျိုးနဲ့ ရင်ဆိုင်ကစားရတော့မယ့် အခိုက်အတန့် ၊ အရင်တုန်းက ဗီဒီယိုဂိမ်းထဲမှာပဲ မြင်ခဲ့ဖူးတဲ့ ကစားသမားကြီးနဲ့ တစ်ကွင်းတည်းမှာ အတူ ယှဉ်ပြိုင်သွားရတော့မှာကို အရမ်း စိတ်လှုပ်ရှားနေမိပါတယ်။ မက်ဆီကို အနီးကပ် မြင်တွေ့ခွင့် ရရှိတော့မှာက အံ့သြစရာကောင်းတဲ့ အတွေ့အကြုံတစ်ခု ဖြစ်လာပါလိမ့်မယ်။” လို့ ပြောဆိုလာခဲ့ပါတယ်။