ဘရန့်ဖို့ဒ်အသင်းကတော့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေ စိတ်ဝင်စားနေတဲ့ တိုက်စစ်မှူး အိုင်ဗန် တိုနေးကို ရောင်းချသွားဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း(၁၀၀)လောက်အထိတောင် အလိုရှိနေတယ်လို့ သိရှိရပါတယ်။

အသက် (၂၇)နှစ်အရွယ် အင်္ဂလန် တိုက်စစ်မှူး တိုနေးဟာ လောင်းကစားမှုကြောင့် ဘောလုံး ကစားခြင်းကနေ (၈)လထိ ပိတ်ပင်ခံထားရတာဖြစ်ပြီး လာမယ့် ဇန်နဝါရီမှာပဲ သူရဲ့ ပွဲပယ် ပြစ်ဒဏ်ကနေ ကင်းလွတ်တော့မှာ ဖြစ်ပါတယ်။

Photo Credit : Sky Sports

ဂိုးသွင်းအားကောင်းလှတဲ့ နယူးကာဆယ် ကစားသမားဟောင်း တိုနေးကို ချယ်လ်ဆီး အာဆင်နယ် စပါးတို့လို လန်ဒန် အခြေစိုက် ကလပ်အသင်းတွေက လာမယ့် ဆောင်းဈေးကွက် ဖွင့်လှစ်ချိန်မှာပဲ ခေါ်ယူသွားဖို့ ပြင်ဆင်နေတာကြောင့် ဘရန့်ဖို့ဒ်ကလည်း သူတို့ ကစားသမားအတွက် တန်ကြေး သတ်မှတ်လာခဲ့ပါတယ်။

တိုနေးဟာ ဘရန့်ဖို့ဒ်အသင်းနဲ့ ၂၀၂၅ခုနှစ်အထိသာ စာချုပ်သက်တမ်း ကျန်ရှိနေတော့သလို သူရဲ့ လက်ရှိတန်ကြေးဟာလည်း ပေါင် သန်း(၄၀)ဝန်းကျင်လောက်သာ ရှိနေပေမယ့် ဘရန့်ဖို့ဒ်ဘက်က တိုနေးကို ရာသီကုန်အထိ ဆက်ထိန်းထားချင်တာကြောင့် ကမ်းလှမ်းမှုတွေ ရှိလာခဲ့ရင် ပေါင် သန်း(၁၀၀)နဲ့ ကမ်းလှမ်းမှသာ လက်ခံသွားဖွယ် ရှိနေပါတယ်။

Photo Credit : Sky News

ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ် ဖရန့်ကိုယ်တိုင်ကလည်း တိုနေးလို တိုက်စစ်မှူးမျိုး အမှတ်ပေးဇယား အလယ်လောက်က အသင်းမှာ ကစားနေရင်း တစ်ရာသီ ဂိုး(၂၀)လောက် သွင်းပေးနိုင်တဲ့ ကစားသမားမျိုးဟာ ကလပ်အသင်းကြီးဆီသာ ရောက်သွားမယ်ဆိုရင် ဂိုးတွေ ပိုသွင်းလာနိုင်တာမို့ သူတို့ ကစားသမားက ပေါင် သန်း(၁၀၀)လောက် တန်ကြေးရှိတယ်လို့ မှတ်ချက်ပြုထားပါသေးတယ်။

အာဆင်နယ် ချယ်လ်ဆီးတို့က တိုက်စစ်ပိုင်း ဖြည့်တင်းဖို့အတွက် တိုနေးကို ခေါ်ယူချင်နေပေမယ့်လည်း တိုနေးအတွက် ပေါင် သန်း(၁၀၀)အထိ သုံးစွဲဖို့တော့ ဆန္ဒရှိမှာ မဟုတ်ပဲ ပေါင် သန်း(၅၀)လောက်နဲ့သာ ကမ်းလှမ်းချင်နေတာကြောင့် ဒီအသင်းတွေအနေနဲ့ တခြားသော တိုက်စစ် options တွေကိုသာ ရွေးချယ်ရဖွယ် ရှိနေပါတယ်။