ဘိုင်ယန်မြူးနစ်အသင်းဟာ အသင်းရဲ့ ညာခြမ်း ခံစစ်နေရာအတွက် မန်ချက်စတာစီးတီးရဲ့ အင်္ဂလန် ဝါရင့် ညာနောက်ခံလူ ကိုင်ဝေါ်ကာကို ဆက်လက် ပစ်မှတ်ထားနေဆဲဖြစ်ပြီး မန်စီးတီးကလည်း သူတို့ ကစားသမားကို စာချုပ်သစ် ချုပ်ဆိုသွားဖို့ စီစဉ်လျက် ရှိနေပါတယ်။

Photo Credit : Sky Sports

လက်ရှိ မန်စီးတီးအသင်းရဲ့ ညာခြမ်း ခံစစ်မှာ ကိုင်ဝေါ်ကာ ကန်ဆယ်လို နဲ့ ရီကိုလူးဝစ်တို့ (၃)ဦးသာ ရှိနေပြီး ကန်ဆယ်လိုက အသင်းနဲ့ သေချာပေါက် လမ်းခွဲရဖို့ ရှိနေချိန် အသက် (၃၃)နှစ်အရွယ် ဝါရင့် right-back ကစားသမားကြီးကို အသင်းမှာပဲ ဆက်ထိန်းထားချင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဝေါ်ကာက မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့ပြီး သူ့ကိုလည်း ဘိုင်ယန်မြူးနစ်က ဒီနွေမှာ ခေါ်ယူသွားဖို့ ပြင်ဆင်လာခဲ့တဲ့အတွက် ဝေါ်ကာရဲ့ အနာဂတ် အခြေအနေက မတည်မငြိမ် ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Eurosport

မန်စီးတီးက ဝေါ်ကာနေရာမှာ ရေရှည် အစားထိုးနိုင်ဖို့အတွက် ပီအက်စ်ဂျီရဲ့ မော်ရိုကို ကစားသမား ဟာခီမီကို ပစ်မှတ်ထားခဲ့ပေမယ့်လည်း ဟာခီမီက ပီအက်စ်ဂျီအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးမို့ ခေါ်ယူနိုင်ဖို့ ခဲယဉ်းနိုင်တဲ့အတွက် ဝေါ်ကာကိုသာ ကာလတို စာချုပ်သစ်တစ်ရပ် ချုပ်ဆိုသွားဖို့ ပြင်ဆင်လာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ညာနောက်ခံ နေရာအတွက် ပါဗာတစ်ဦးတည်းသာ ကောင်းကောင်းမွန်မွန် အသုံးပြုနေရတဲ့ ဘိုင်ယန်ကလည်း အတွေ့အကြုံကောင်းတွေ များစွာ ကြွယ်ဝနေတဲ့ ဝေါ်ကာကို အလိုရှိလာခဲ့ပြီး ကမ်းလှမ်းမှုတွေ ပြုလုပ်သွားဖို့ပါ စီစဉ်လာပါတယ်။

Photo Credit : talkSPORT

ဒီအချိန်မှာ ကစားသမားရဲ့ ဆုံးဖြတ်ချက်ကသာ ပိုမို အရေးပါလာခဲ့ပြီး တကယ်လို့ ဝေါ်ကာအနေနဲ့ စီးတီးနဲ့ လမ်းခွဲပြီး ဘိုင်ယန်ကို ပြောင်းဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင်တော့ စီးတီးက RB ကစားသမားသစ်တစ်ဦးကို မဖြစ်မနေ ပြန်လည် ခေါ်ယူရနိုင်ပါတယ်။ ဘိုင်ယန်ကလည်း လက်ရှိမှာ သူတို့ရဲ့ ဘယ်ခြမ်း ခံစစ် ကစားသမား လူးကပ်စ်ဟာနန်ဒက်ဇ်ကို ပီအက်စ်ဂျီအသင်းဆီ လက်လွတ်သွားရတော့မှာ ဖြစ်ပေမယ့် ဘယ်ခြမ်းမှာ အယ်လ်ဖွန်ဆိုဒေးဗီစ်အပြင် ဒေါ့မွန်က ခေါ်ယူထားတဲ့ ဂွာဟေရိုလည်း ရှိနေပြီ ဖြစ်ပါတယ်။