ဂျာမန် ဘွန်ဒက်လီဂါကလပ် ယူနီယံ ဘာလင်ရဲ့ ဝါရင့် ဗဟိုခံစစ်မှူး ဘိုနူချီက လတ်တလောမှာ သူ့ရဲ့ စံပြကစားသမားဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဗဟိုခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယား ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၆နှစ် အရွယ် အီတလီ ဝါရင့် ဗဟိုနောက်ခံလူ ဘိုနူချီက ပြီးခဲ့တဲ့ နွေဈေးကွက်မှာ ဂျူဗင်တပ် ကနေ ယူနီယံ ဘာလင်ဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ယူနီယံ ဘာလင် အတွက် ပြိုင်ပွဲစုံမှာ ၁၀ပွဲ ပါဝင် ကစားပေးထားသလို သွင်းဂိုး ၁ဂိုးလည်း သွင်းယူထားနိုင်ပါတယ်။

Photo Credit: Team Talk

ဘိုနူချီက အသက်အရွယ်ကြောင့် အကျပိုင်းကို ရောက်နေပေမယ့် သူ့ရဲ့ ခံစစ်ကစားပုံ ကောင်းမွန်မှု ၊ သန့်သန့်ရှင်းရှင်း ကစားတတ်မှုနဲ့ အသင်းဖော်တွေကို ဦးဆောင်နိုင်စွမ်းတို့ကြောင့် ဘောလုံးသမိုင်းတလျှောက် အကောင်းဆုံး ဗဟိုခံစစ်မှူးတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရပါတယ်။

နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ဘိုနူချီက သူဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဗဟိုခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယားကို သဘောကျကြောင်းနဲ့ ဝေဖန်မှုတွေကို အကောင်းဆုံး အံတုကာ ပြန်လည် ရုန်းထပြခဲ့တဲ့ မက်ဂွိုင်းယားဟာ သူ့အတွက် စံပြကစားသမား ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

Photo Credit: Standard

ဘိုနူချီက – “ကျွန်တော့်အတွက် မက်ဂွိုင်းယားက စံပြပါပဲ။ သူ ဝေဖန်မှုတွေ ၊ တိုက်ခိုက်မှုတွေ ခံခဲ့ရပေမယ့် အခုချိန်အထိ မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန် အတွက် ကစားပေးနေတုန်းပါပဲ။ ဒါက သူ့ရဲ့ စိတ်ဓာတ်က ဘယ်လောက်အထိ ခိုင်မာသလဲ ဆိုတာကို သက်သေပြနေပါတယ်” လို့ ပြောကာ မက်ဂွိုင်းယားကို ချီးကျူးသွားခဲ့တာပါ။

ဟယ်ရီ မက်ဂွိုင်းယားက ပြီးခဲ့တဲ့ ဘောလုံးရာသီတွေမှာ ပွဲထွက်ခွင့် ရဖို့ ရုန်းကန်ခဲ့ရပေမယ့် ဒီရာသီမှာတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ဗဟိုနောက်ခံလူ အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားပြီး သူက ယူနိုက်တက် အတွက် ဒီရာသီမှာ ပြိုင်ပွဲစုံ ၁၇ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁ကြိမ် ရရှိထားပါတယ်။