အသင်းရဲ့ နောက်ခံကစားသမားလေး ရီကာဒို ကာလာဖီအိုရီနဲ့ အာဆင်နယ်အသင်းတို့ရဲ့ အပြောင်းအရွှေ့တွေက လက်ရှိ အခြေအနေမှာ ဘာမှ ထူးထူးခြားခြား ရှိမနေသေးဘူးလို့ ဘိုလော့ဂ်နာအသင်း ဥက္ကဌက ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲကြီးမှာ အီတလီအသင်းအတွက် အကောင်းဆုံး တောက်ပပြနိုင်ခဲ့ရင်း ကလပ်အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ရရှိလာခဲ့တဲ့ ကာလာဖီအိုရီကို အာဆင်နယ်အသင်းက ချဉ်းကပ်လာခဲ့ရာကနေ ကစားသမားကိုယ်တိုင်ကလည်း အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့အတွက် ဆန္ဒရှိလာခဲ့ပြီး အပြောင်းအရွှေ့ ဖြစ်လာဖို့ပါ စောင့်ဆိုင်းနေပါတယ်။

Photo Credit : CaughtOffside

အာဆင်နယ်နဲ့ ကာလာဖီအိုရီတို့ကြားမှာ အပြောင်းအရွှေ့အတွက် သဘောတူညီချက် ရရှိဖို့က ဘာမှ အခက်အခဲမရှိပဲ လွယ်ကူနေသလောက် အာဆင်နယ်နဲ့ ဘိုလော့ဂ်နာတို့ကြား ကာလာဖီအိုရီကို ခေါ်ယူဖို့အတွက် သဘောတူညီမှု ရဖို့ကတော့ အချိန်တစ်ခု ကြာမြင့်လာတဲ့အထိတောင် ဘာမှ ထူးခြားလာခြင်း မရှိပဲ ကြန့်ကြာနေရပါတယ်။

အဓိကတော့ ဘိုလော့ဂ်နာက ကာလာဖီအိုရီကို ဆွစ်ကလပ် ဘေဆယ်လ်ကနေ ခေါ်ယူခဲ့စဉ်အတွင်း (50)% sell-on clause ကို စာချုပ်ထဲမှာ ထည့်သွင်း ချုပ်ဆိုထားတာကြောင့် ဘိုလော့ဂ်နာက ကလာဖီအိုရီအတွက် ကနဦး သတ်မှတ်ထားတဲ့ ယူရို (၃၅)သန်းဝန်းကျင်လောက်ကနေ ယူရို သန်း(၅၀)အထိ တိုးမြှင့်လိုက်တာက အာဆင်နယ်အတွက်ပါ ပြသာနာတစ်ရပ် ဖြစ်သွားခဲ့ရပါတယ်။

Photo Credit : Transfermarket

အာဆင်နယ်ကတော့ ကာလာဖီအိုရီအတွက် ကမ်းလှမ်းထားတဲ့ ယူရို သန်း(၄၀)ကနေ အနည်းငယ်လောက်သာ တိုးမြှင့် ကမ်းလှမ်းသွားချင်နေပြီး ယူရို (၁၀)သန်းအထိ တိုးမြှင့်ပေးဖို့ ဆန္ဒမရှိပေမယ့်လည်း တစ်ဖက်မှာလည်း ချယ်လ်ဆီး လီဗာပူးလ် လေဗာကူဆင်တို့လို အသင်းတွေကပါ ကာလာဖီအိုရီရဲ့ အခြေအနေကို စောင့်ကြည့်နေတာမို့ ဒါက အာဆင်နယ်အတွက် အကျပ်ရိုက်စေနိုင်ပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး အီတလီ ဘောလုံးသတင်းထောက်က ဘိုလော့ဂ်နာအသင်း ဥက္ကဌဖြစ်သူကို မေးမြန်းခဲ့ရာမှာ အာဆင်နယ်နဲ့ သူတို့ကစားသမားတို့ကြားမှာ ဘာမှ ထူးထူးခြားခြား မရှိသေးသလို ဂျုဗင်တပ်စ်အသင်းနဲ့ သတင်းထွက်နေတယ်ဆိုတာကလည်း ကောလဟာလသာ ဖြစ်ပါကြောင်း ပြန်လည် ဖြေဆိုသွားခဲ့ပါတယ်။