မန်ချက်စတာ စီးတီး နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီးဖြစ်သူ ခံစစ်မှူး ဂျရုန်း ဘိုတန်ဟာ လက်ရှိမှာတော့ သူ့အသင်းဟောင်း ဘိုင်ယန်ကို ကာလတို စာချုပ် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည် ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။

လိုင်ယွန်အသင်းနဲ့ စာချုပ်သက်တမ်း ပြည့်မြောက်သွားပြီးချိန် ကတည်းက အသင်းလက်မဲ့ ဖြစ်နေတဲ့ ဘိုတန်ဟာ အခုတော့ သူရဲ့ ကလပ်အသင်းဟောင်း ဘိုင်ယန်နဲ့ ပြန်လည် လက်တွဲသွားနိုင်တော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : Sky Sports

အသက် (၃၅)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဂျာမနီ လက်ရွေးစင်ဟောင်း ခံစစ်မှူးကြီး ဘိုတန်ဟာ ဂျာမန်ကလပ် ဟာသာဘာလင်အသင်းမှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ရင်း အဲ့ဒီကမှ ဟမ်းဘတ်ကို ရောက်ရှိခဲ့သလို ၂၀၁၀မှာလည်း မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။

မန်စီးတီးမှာ တစ်ရာသီလေးသာ ကစားခဲ့ရတဲ့ ဘိုတန်က ဂျာမနီမြေကို ပြန်ပြီး ဘိုင်ယန်နဲ့ လက်တွဲလိုက်ချိန်မှာတော့ ဘိုင်ယန်မှာ ကစားသမားဘဝရဲ့ အကောင်းဆုံးပုံစံတွေ ပြန်လည် ရရှိလာကာ အသင်းအတွက်ကိုလည်း ဆယ်စုနှစ် တစ်ခုလောက်အထိ ကစားပေးနိုင်ခဲ့ပါတယ်။

Photo Credit : Fabrizio Romano

ဘိုင်ယန်နဲ့ (၁၀)နှစ်ကြာအထိ လက်တွဲခဲ့ပြီးနောက် လိုင်ယွန်ကို free transfer နဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဘိုတန်ဟာ အခုတော့ လိုင်ယွန်နဲ့ပါ လက်တွဲဖြုတ်လိုက်ပြီဖြစ်လို့ အသင်းလက်မဲ့ ဖြစ်နေရပြီး သူ့ကို ခံစစ်မှာ ဒဏ်ရာ ပြသာနာတွေ ဖြစ်နေရတဲ့ ရီးယဲလ်မက်ဒရစ်က ခေါ်ယူလိမ့်မယ်လို့ သတင်းထွက်ခဲ့ပေမယ့် အခုတော့ ဘိုင်ယန်ဆီသာ ပြောင်းရွှေ့ဖို့ သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။

ဖာဘရီဇီယို ရိုမာနိုရဲ့ သတင်းဖော်ပြချက်ထဲမှာတော့ ဘိုတန်က ဘိုင်ယန်အသင်းဖော်တွေနဲ့ လေ့ကျင့်ခန်းပါ ပြုလုပ်နေပြီဖြစ်လို့ မကြာခင်မှာပဲ ဘိုင်ယန်ဘက်ကနေ သူတို့ရဲ့ ကစားသမားဟောင်းကြီး ဘိုတန်ကို ပြန်လည် ခေါ်ယူနိုင်ခဲ့ကြောင်းကိုပါ တရားဝင် ထုတ်ပြန် ကြေညာဖွယ် ရှိနေပါတယ်။