လိဂ်ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ် စီးတီးအသင်းကတော့ မကြာသေးခင်ကမှ အသင်းကနေ ထုတ်ပယ်လိုက်တဲ့ နည်းပြ ဝိန်း ရွန်နီနေရာမှာ ရွန်နီရဲ့ အင်္ဂလန် အသင်းဖော်ဟောင်းဖြစ်တဲ့ ဖရန့် လမ်းပတ်နဲ့ ပြန်လည် အစားထိုးသွားဖို့ စီစဉ်နေပါတယ်။

ဒါဘီကောင်တီ ဒီစီယူနိုက်တက်တို့မှာ နည်းပြအဖြစ် ကျင်လည်ခဲ့တဲ့ နည်းပြရွန်နီကို ဘာမင်ဂမ်အသင်းက ပြီးခဲ့တဲ့ အောက်တိုဘာလကပဲ အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပေမယ့်လည်း (၁၅)ပွဲ ကိုင်တွယ်ပြီးနောက် (၉)ပွဲထိ ရှုံးပွဲတွေ့ထားခဲ့လို့ ကာလတိုအတွင်းမှာပဲ ရာထူးကနေ ပြန်လည် ထုတ်ပယ်ခဲ့ပါတယ်။

Photo Credit : Sky Sports

တကယ်တော့ ဘာမင်ဂမ်က ရွန်နီကို နည်းပြသစ်အဖြစ် မခန့်အပ်ခင်မှာ အမှတ်ပေးဇယားရဲ့ အဆင့်(၆)ထိ ရပ်တည်ထားနိုင်ခဲ့ပေမယ့်လည်း ရွန်နီ ကိုင်တွယ်ချိန်မှာတော့ အသင်းက အခြေအနေတွေ ဆိုးရွှားလာခဲ့ပြီး အခုဆိုရင် အဆင့်(၂၀)ထိတောင် ကျဆင်းသွားခဲ့ရသလို တန်းဆင်းဇုန်နဲ့ပါ (၁)မှတ်ပဲ ကွာဟနေပါတော့တယ်။

ဒီလို အခြေအနေတွေကြောင့် ဘာမင်ဂမ်ဘက်က ရွန်နီကို အသင်နည်းပြ ရာထူးကနေ ထုတ်ပယ်လိုက်ပြီး နည်းပြသစ်တစ်ဦးကို ရှာဖွေဖို့ စီစဉ်လာခဲ့ပါတယ်။ လက်ရှိမှာတော့ ဘာမင်ဂမ်အသင်းဘက်က ရွန်နီနေရာမှာ နည်းပြလမ်းပတ်နဲ့ အစားထိုးသွားဖို့ စိတ်ဝင်စားလာနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Goal

ချယ်လ်ဆီးအသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်းကြီး လမ်းပတ်က ကစားသမားဘဝကနေ အနားယူပြီးနောက်ပိုင်း ဒါဘီ ချယ်လ်ဆီး နဲ့ အဲဗာတန်တို့မှာ နည်းပြအဖြစ် ဖြတ်သန်းခဲ့ပြီး လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်လို့နေပါတယ်။

အခုတော့ လမ်းပတ်ဟာ ဘာမင်ဂမ်အသင်းရဲ့ လစ်လပ်နေတဲ့ အသင်းနည်းပြ နေရာအတွက် လျာထားတဲ့ အယောက် (၂၀)စာရင်းထဲမှာ ထိပ်ဆုံးကနေ ပါဝင်လို့နေပြီး လမ်းပတ်ကလည်း နည်းပြနယ်ပယ်ထဲ ပြန်ဝင်ရောက်လာဖို့ ရှိနေတဲ့အတွက် ဘာမင်ဂမ် နည်းပြရာထူးကို လက်ခံသွားဖွယ် ရှိနေပါတယ်။