ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲမှာကတည်းက မက်ဆီလက်သစ် ကစားသမားလေးဆိုပြီး ဘောလုံး ပရိသတ်တွေကြား အလွန် ရေပန်းစားလာခဲ့တဲ့ အာဂျင်တီးနား ကြယ်ပွင့်လေး ကလော်ဒီယို အယ်ချီဗယ်ရီကို လက်ရှိမှာ ဥရောပထိပ်တန်း ကလပ်အသင်းတွေက အပြိုင်အဆိုင် စိတ်ဝင်စားနေကြပါတယ်။

အသက် (၁၇)နှစ်အရွယ်သာ ရှိနေသေးတဲ့ ရေးဗားပလိတ် လူငယ် ကစားသမားလေး အယ်ချီဗယ်ရီဟာ အာဂျင်တီးနား ယူ-၁၇အသင်း နဲ့ ဘရာဇီးလ် ယူ-၁၇အသင်းတို့ရဲ့ ယူ-၁၇ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှာ ဟက်ထရစ်သွင်းယူပြီးနောက်ပိုင်း အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ရရှိလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Youtube

လက်ရှိမှာတော့ ဒီကစားသမားလေးကို ဘာစီလိုနာ မန်စီးတီး နဲ့ ချယ်လ်ဆီးတို့က အပြိုင် ပစ်မှတ်ထားလာခဲ့ပြီး ဒီထဲကမှ ဘာစီလိုနာအသင်းက အယ်ချီဗယ်ရီကို လက်ဦးမှု ရယူနိုင်ဖို့အတွက် ဆွေးနွေးမှုတွေ စတင် လုပ်ဆောင်လာခဲ့ပြီ ဖြစ်ပါတယ်။

အယ်ချီဗယ်ရီရဲ့ စာချုပ်ဖျက်သိမ်းကြေးက ယူရို (၂၅)သန်းသာ ရှိနေပြီး ဘာစီလိုနာကတော့ ယူရို (၃၅)သန်းနဲ့ပါ ကမ်းလှမ်းသွားဖို့ ရှိနေရာ ကမ်းလှမ်းမှုကိုတော့ အရစ်ကျ ငွေပေးချေမှုနဲ့ ကမ်းလှမ်းသွားဖို့ ရှိနေပါတယ်။ လက်ရှိမှာတော့ ဘာစီလိုနာ နဲ့ အယ်ချီဗယ်ရီရဲ့ အပြောင်းအရွှေ့သတင်းတွေက အတော်လေး ထွက်ပေါ်နေပါတယ်။

Photo Credit : Planet Football

ဒီလို ဘာစီလိုနာအသင်းရဲ့ စိတ်ဝင်စားမှုကို ရရှိနေတဲ့ အယ်ချီဗယ်ရီကလည်း ဘာစီလိုနာဟာ သူ ပါဝင်ကစားချင်ဆုံး ကလပ်အသင်း ဖြစ်ကြောင်းကို ဖွင့်ဟလာခဲ့ပါတယ်။ “ရေးဗားပလိတ်အသင်းပြီးရင်။ ကျွန်တော် ကစားချင်ဆုံး ကလပ်အသင်းကတော့ ဘာစီလိုနာပါ။”

“ကျွန်တော်က လီယွန်နယ် မက်ဆီကို အလွန် အားပေးခဲ့တဲ့သူ ဖြစ်တာကြောင့် ကျွန်တော် ကလေးဘဝကတည်းကနေ ဘာစီလိုနာအသင်းရဲ့ ပွဲစဉ်တွေကို မလွတ်တမ်း ကြည့်ရှုဖြစ်ခဲ့တယ်။ လီယို ဘာစီလိုနာမှာ ကစားခဲ့တဲ့ ပွဲတွေကိုလည်း ကျွန်တော် စောင့်ကြည့် အားပေးခဲ့တယ်။ ဒါကြောင့် ကျွန်တော် ဘာစီလိုနာမှာ ပါဝင်သွားချင်ပါတယ်။” လို့ အယ်ချီဗယ်ရီက ပြောဆိုခဲ့ပါတယ်။