ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ အဓိက ကွင်းလယ်တိုက်စစ် ကစားသမား တဦး ဖြစ်သူ ဘာနာဒို ဆေးလ်ဗားက သူဟာ မန်ချက်စတာ စီးတီးမှာ ပျော်ရွှင်နေပေမယ့် သင့်တော်တဲ့ ကမ်းလှမ်းမှု တခု ရလာရင် မန်ချက်စတာ စီးတီးကို စွန့်ခွာဖို့ ဆန္ဒရှိကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား ဘာနာဒို ဆေးလ်ဗားက ကွင်းလယ်တိုက်စစ် ၊ တောင်ပံတိုက်စစ်နဲ့ ဗဟိုကွင်းလယ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ တဦး ဖြစ်ပြီး သူက ၂၀၁၇ခုနှစ်မှာ မိုနာကို ကနေ မန်ချက်စတာ စီးတီးထံ ပြောင်းရွှေ့ကြေး ယူရို ၅၀သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူပါ။

Photo Credit: 90 Min

ဘာနာဒို ဆေးလ်ဗားက မိုနာကို ကနေ မန်ချက်စတာ စီးတီးထံ ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းရဲ့ အဓိက ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သလို ၅နှစ်တာ ကာလအတွင်းမှာ မန်ချက်စတာ စီးတီးနဲ့အတူ ပရီးမီးယားလိဂ် ဆုဖလား ၄ကြိမ် ၊ ကားလင်းဖလား ၄ကြိမ် ၊ အက်ဖ်အေဖလား ၁ကြိမ်နဲ့ ကွန်မြူနတီဒိုင်း ၂ကြိမ်တို့ကို ရယူနိုင်ခဲ့ပါတယ်။

ဘာနာဒို ဆေးလ်ဗားက မန်ချက်စတာ စီးတီးရဲ့ အဓိက ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သလို အသင်းနဲ့ ၂၀၂၅ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်နေသေးပေမယ့် ဘာနာဒို ဆေးလ်ဗားကတော့ သူဟာ ခိုင်မာတဲ့ စီမံကိန်း တခု ရှိတဲ့ အသင်းသစ် တသင်းရဲ့ ကမ်းလှမ်းမှုသာ ရလာရင် စိန်ခေါ်မှုအသစ်တွေ ရင်ဆိုင်ဖို့ အတွက် အသင်းပြောင်းချင်ကြောင်း Record Portugal သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: 90 Min

ဘာနာဒို ဆေးလ်ဗားက – “လာမယ့် ဇွန်လမှာတော့ ကျွန်တော်နဲ့ အသင်းက ကျွန်တော့်ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ဘယ်အရာက အကောင်းဆုံး ဖြစ်မလဲ ဆိုတာကို ဆွေးနွေး တိုင်ပင်ဖို့ ရှိပါတယ်။ ကျွန်တော်က မန်ချက်စတာ စီးတီး အတွက် အပြည့်အဝ အာရုံစိုက်ထားသလို ကျွန်တော်နဲ့ မန်ချက်စတာ စီးတီးရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်က ကျွန်တော့်ရဲ့ အသက် ၃၁နှစ် ပြည့်ပြီးမှ ကုန်ဆုံးမှာပါ။ ဒါပေမယ့် ကျွန်တော်က ကိုယ့်ရဲ့ ဆန္ဒကိုတော့ သိမ်းထားမှာ မဟုတ်ပါဘူး။ တကယ်လို့ အသင်းကောင်း တသင်းကသာ ကျွန်တော့်ကို ကမ်းလှမ်းလာမယ် ဆိုရင် ၊ အားလုံးကလည်း အဆင်ပြေမယ် ဆိုရင် ကျွန်တော်က အသင်းသစ် တသင်းဆီ ပြောင်းချင်ပါတယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာတော့ စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာက ဘာနာဒို ဆေးလ်ဗားကို ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးပြီး ဘာနာဒို ဆေးလ်ဗားကလည်း ဘာစီလိုနာဆီ ပြောင်းရွှေ့ချင်နေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။