ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးက ယမန်နေ့ညပိုင်းမှာ အသင်းရဲ့ အဓိက ခံစစ်မှူး တဦး ဖြစ်သူ ကန်ဆယ်လိုကို ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ဆီ ရာသီဝက်အငှား ချခဲ့သလို နောက်ထပ် ပေါ်တူဂီ ကစားသမား တဦး ဖြစ်သူ ဘာနာဒို ဆေးလ်ဗားကိုလည်း အသင်းကနေ ထွက်ခွာခွင့် ပေးထားကြောင်း နာမည်ကြီး ပေါ်တူဂီ သတင်းထောက် အယ်မိုင်ဒါက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ခံစစ်မှူး ဂျာအို ကန်ဆယ်လိုက ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ စီးတီး အတွက် ခြေစွမ်းပြ ကစားထားနိုင်သူ ဖြစ်ပေမယ့် သူဟာ မန်ချက်စတာ စီးတီး နည်းပြချုပ် ပပ် ဂွာဒီယိုလာနဲ့ လေ့ကျင့်ရေးကွင်းမှာ စကားများခဲ့ပြီးနောက် ပွဲထွက်ခွင့် မရတော့တာကြောင့် ဘိုင်ယန်မြူးနစ်ဆီ ရာသီဝက်အငှားနဲ့ ပြောင်းရွှေ့ခဲ့ရတာပါ။

Photo Credit: Goal

ဘိုင်ယန်မြူးနစ်က ကန်ဆယ်လိုကို ရာသီဝက်အငှား + ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့်နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး ကန်ဆယ်လိုဟာ မန်ချက်စတာ စီးတီး အတွက် ဒီရာသီမှာ ၂၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုး သွင်းယူပေးထားကာ ဂိုးဖန်တီးမှု ၅ကြိမ် ရရှိထားတာကြောင့် သူ့ကို လက်လွှတ်လိုက်ရတာဟာ မန်ချက်စတာ စီးတီး အတွက် ကြီးမားတဲ့ နစ်နာ ဆုံးရှုံးမှု တခုပါပဲ။

နာမည်ကြီး ပေါ်တူဂီ သတင်းထောက် အယ်မိုင်ဒါရဲ့ ဖော်ပြချက်အရ မန်ချက်စတာ စီးတီးက ကန်ဆယ်လိုကို ဘိုင်ယန်မြူးနစ်ဆီ အငှားချခဲ့သလို သူနဲ့ တနိုင်ငံထဲသား ဖြစ်တဲ့ ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားကိုပါ အသင်းပြောင်းခွင့် ပေးထားပြီး ဆောင်းဈေးကွက် မပိတ်သိမ်းမီမှာ ဘာနာဒို ဆေးလ်ဗားအတွက် ကမ်းလှမ်းမှုတွေ ရောက်လာရင် လက်ခံ စဉ်းစားဖို့ ပြင်ဆင်ထားကြောင်း သိရပါတယ်။

Photo Credit: Goal

အသက် ၂၈နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားက မန်ချက်စတာ စီးတီးကို စွန့်ခွာတော့မယ်လို့ ကာလရှည် သတင်းကြီးခဲ့သူ တဦး ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာလည်း ပြိုင်ပွဲစုံမှာ စုစုပေါင်း ၁၈၃၉မိနစ်သာ ကစားခွင့် ရထားပါတယ်။

လက်ရှိမှာတော့ စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာ အပါအဝင် ဥရောပ အသင်းကြီး တချို့က ဘာနာဒို ဆေးလ်ဗားကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပေမယ့် ဆောင်းဈေးကွက် ဖြစ်တာကြောင့် ဘာနာဒို ဆေးလ်ဗားဟာ အပြီးသတ် အသင်းပြောင်းဖို့ထက် ကန်ဆယ်လိုလိုမျိုး ရာသီဝက်အငှား + ရာသီကုန်မှာ အပြီးသတ် ပြောင်းရွှေ့ခွင့်နဲ့ ပြောင်းဖို့ အခွင့်အလမ်း များနေပါတယ်။