ပူပူနွေးနွေး ဖလား ၃လုံး ချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ဘာနာဒို ဆေးလ်ဗားက ယခု နွေဈေးကွက် အတွင်းမှာ မန်ချက်စတာ စီးတီးကို စွန့်ခွာကာ ကြယ်ပွင့် ကစားသမား အမြောက်အမြား ပြောင်းရွှေ့နေတဲ့ ဆော်ဒီနိုင်ငံဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေကြောင်း နာမည်ကြီး သတင်းဌာန တချို့က ဖော်ပြလာကြပါတယ်။

ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားက အသက် ၂၈နှစ် အရွယ်သာ ရှိသေးပြီး သူက ၂၀၁၇ခုနှစ်မှာ ပြင်သစ် နာမည်ကြီးကလပ် မိုနာကို ကနေ မန်ချက်စတာ စီးတီးထံ ပြောင်းရွှေ့ကြေး ယူရို ၇၀သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။

Photo Credit: Today Football

ဘာနာဒို ဆေးလ်ဗားက မန်ချက်စတာ စီးတီးထံ ရောက်ရှိပြီးနောက် ဒီဘရိုင်း ၊ ဂန်ဒိုဂန် ၊ ရိုဒရီ စတဲ့ ကစားသမားတွေနဲ့ တွဲဖက်ကာ အသင်းရဲ့ ကွင်းလယ်ပိုင်းကို အကောင်းဆုံး ဦးဆောင် ကစားနိုင်ခဲ့ပြီး သူက ၆နှစ်တာ ကာလအတွင်းမှာ မန်ချက်စတာ စီးတီး အတွက် ပြိုင်ပွဲစုံမှာ ၃၀၆ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၅၅ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၅၉ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ချန်ပီယံလိဂ် ၁ကြိမ် အပါအဝင် ဆုဖလား ၁၄လုံး အထိ ရရှိခဲ့ပါတယ်။

ဘာနာဒို ဆေးလ်ဗားက မန်ချက်စတာ စီးတီးနဲ့အတူ အသင်းရဲ့ သမိုင်းတလျှောက် အမြင့်မားဆုံး အောင်မြင်မှု ဖြစ်တဲ့ ဖလား ၃လုံးကို တနှစ်ထဲ ရယူနိုင်ခဲ့တဲ့ အောင်မြင်မှုကို ရရှိခဲ့ပြီးနောက် စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ အသင်းပြောင်းရန် စဉ်းစားနေသူ ဖြစ်ပြီး လက်ရှိမှာ သူ့ကို ခေါ်ယူဖို့ အတွက် ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီနဲ့ ဆော်ဒီထိပ်သီးကလပ်တွေက စိတ်ဝင်စားနေပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Marcaသတင်းဌာနရဲ့ ဖော်ပြချက်အရ ဘာနာဒို ဆေးလ်ဗားက မန်ချက်စတာ စီးတီးကို စွန့်ခွာဖြစ်ပါက ပီအက်စ်ဂျီထံ ပြောင်းမယ့် အစား သူ့ကို လုပ်ခလစာ မြိုးမြိုးမြက်မြက် ပေးမယ့် ဆော်ဒီလိဂ်ရဲ့ ထိပ်သီးအသင်းတွေဆီ ပြောင်းရွှေ့ဖို့ ပိုမို စိတ်ဝင်စားနေပြီး ဘာနာဒို ဆေးလ်ဗားရဲ့ အေးဂျင့်ဖြစ်သူ ဂျော့စ် မန်ဒက်ကလည်း ဆော်ဒီကလပ်တွေနဲ့ ဆွေးနွေးမှုတွေ ဆက်တိုက် လုပ်ဆောင်နေကြောင်း သိရပါတယ်။

ဘာနာဒို ဆေးလ်ဗားက မန်ချက်စတာ စီးတီးနဲ့ စာချုပ်သက်တမ်း ၂နှစ် ကျန်နေသေးတဲ့ ကစားသမား ဖြစ်ပြီး မန်ချက်စတာ စီးတီးက ဂန်ဒိုဂန်ကို လက်လွှတ်ခဲ့ရပြီးနောက် ဘာနာဒို ဆေးလ်ဗားကို အသင်းမှာ ဆက်ထိန်းထားချင်နေပေမယ့် ဘာနာဒို ဆေးလ်ဗားကသာ အသင်းပြောင်းခွင့် တောင်းခံခဲ့ရင် ပြောင်းရွှေ့ကြေး ယူရို ၇၀သန်း ဝန်းကျင်နဲ့ ပြန်လည် ရောင်းထုတ်နိုင်ပါတယ်။