အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အနီးကပ်ဆုံး ခြိမ်းခြောက်နိုင်တဲ့ အသင်းက လီဗာပူးလ်အသင်းသာ ဖြစ်တယ်လို့ အာဆင်နယ် ကစားသမားဟောင်းကြီး ဒင်းနစ် ဘားကင့်က သုံးသပ် ပြောကြားလာခဲ့ပါတယ်။

၂၀၀၃-၂၀၀၄ ဘောလုံးရာသီတုန်းက တစ်ရာသီလုံး ရှုံးပွဲမရှိ စံချိန်နဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့ရပြီးနောက်ပိုင်း အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံဆုဖလားနဲ့ နှစ်ပေါင်း အတန်ကြာ အလှမ်းဝေးနေရတာပဲ ဖြစ်ပါတယ်။

Photo Credit : Opta Analyst

အဲ့ဒီအချိန်တုန်းက အာဆင်နယ်အသင်းမှာ ပါဝင်ကစားခဲ့တဲ့ ဒတ်ချ် တိုက်စစ်မှူးကြီး ဘားကင့်က လက်ရှိ ဘောလုံးရာသီအတွင်း အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အနီးကပ် ခြိမ်းခြောက်နိုင်တဲ့ အသင်းဟာ လီဗာပူးလ်အသင်း ဖြစ်ကြောင်း ပြောဆိုလာခဲ့ပါတယ်။

“ကျွန်တော်ကတော့ လီဗာပူးလ်လို့ပဲ ထင်မိတယ်။ သူတို့တွေ ယူနိုက်တက်အသင်းနဲ့ ကစားခဲ့တုန်းက သူတို့အသင်းရဲ့ အရန်စာရင်းကို မြင်လိုက်မိတော့ ကျွန်တော် နည်းနည်း အံ့အားသင့်မိသွားတယ်။ သူတို့ရဲ့လူစာရင်းကလည်း မဆိုးဘူးလို့ ပြောရမယ့် အနေအထားမှာ ရှိနေသလို တကယ်လို့ ဒဏ်ရာတွေ ကင်းစင်နေပြီဆိုရင် သူတို့က စိန်ခေါ်သူတွေ ဖြစ်လာပါလိမ့်မယ်။” လို့ ဘားကင့်က သုံးသပ်သွားခဲ့ပါတယ်။

Photo Credit : Sky Sports

ဒီတစ်ပတ်ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာလည်း အာဆင်နယ်ဟာ လီဗာပူးလ်အသင်းနဲ့ အန်ဖီးလ်မှာ ရင်ဆိုင်သွားရမှာဖြစ်ပြီး ဒီပွဲက ချန်ပီယံဆုအတွက် အဖြေမပေးနိုင်သေးပေမယ့်လည်း အနိုင်ရမယ့် အသင်းအတွက်ကတော့ အနိုင်(၃)မှတ်ထက် ပိုတဲ့ ယုံကြည်မှုတွေပါ ရရှိသွားနိုင်ပါတယ်။

ဒါ့အပြင် လီဗာပူးလ် နဲ့ အာဆင်နယ်တို့ဟာ အက်ဖ်အေဖလားပြိုင်ပွဲရဲ့ တတိယအဆင့်မှာပါ တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံနေပြန်ပြီး ဒီပုံစံအတိုင်းသာဆို ဒီနှစ်သင်းက ပရီးမီးယားလိဂ်မှာရော အက်ဖ်အေဖလားမှာရော အကြိတ်အနယ် ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။