မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တောင်ပံကစားသမား အန်တိုနီအနေနဲ့ ခြေစွမ်းပိုင်းတွေ တိုးတက်လာခြင်း မရှိဘူးဆိုရင်တော့ ယူနိုက်တက်က အန်တိုနီကို အသင်းကနေ ရှင်းထုတ်လိုက်သင့်တယ်လို့ ကစားသမားဟောင်းကြီး ဒီမီတာ ဘာဘာတော့ဗ်က သတိပေး ပြောဆိုလိုက်ပါတယ်။

အသက် (၂၃)နှစ်အရွယ် ဘရာဇီးလ် လက်ရွေးစင် ညာတောင်ပံကစားသမား အန်တိုနီဟာ မနှစ်ကတည်းက အေဂျက်စ်ကနေ ယူနိုက်တက်အသင်းဆီ ယူရို သန်း(၁၀၀)ဝန်းကျင်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ အန်တိုနီက ယူနိုက်တက်မှာ အတော်လေး ရုန်းကန်နေရပါတယ်။

Photo Credit : CODE Sports

ဒီနှစ်ဘောလုံးရာသီထဲ မန်ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ (၂၂)ပွဲအထိ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုးရော ဂိုးဖန်တီးမှုပါ ဘာဆိုဘာမှ မလုပ်ဆောင်ထားနိုင်ပဲ ပုံမှန် ခြေစွမ်းပြဖို့တောင် ခဲယဉ်းနေရပါတယ်။ ဒီကစားသမားနဲ့ ပတ်သက်ပြီး ဘာဘာတော့ဗ်က “ကျွန်တော်က သူကစားနေတာကို ကြည့်ရတာ ဒေါသလည်းထွက်ပြီး စိတ်လည်းပျက်မိပါတယ်။”

“ကျွန်တော် သူ့ကို တခြားကစားသမားတွေနဲ့ မနှိုင်းယှဉ်ချင်တာက ကစားသမားတိုင်းမှာ ဒီလို အခက်အခဲမျိုးဆိုတာ ရှိတက်လို့ပါပဲ။ ဒါပေမယ့် သူ တိုးတက်လာအောင် လုပ်ဆောင်ဖို့တော့ လိုတယ်။ မဟုတ်ရင်တော့ သူ ဒီကနေ ထွက်သွားရမှာပဲ။ သူက အရည်အသွေးရှိတဲ့ ကစားသမားဆိုတာ ကျွန်တော် တစ်ခါတစ်လေတော့ သတိထားမိတယ်။”

Photo Credit : Goal

“ဒါပေမယ့် မလိုအပ်တာတွေ လုပ်ဆောင်ရင်း ဘောလုံးတွေ ဆုံးရှုံးလိုက်ရတဲ့ အခါမျိုးတွေမှာ သူကိုယ်တိုင်တောင် ဒေါသထွက်ရတယ်။ တကယ်လို့ သူကိုယ်တိုင် ဒါကို အဖြေရှာလို့ မရဘူးဆိုရင် နည်းပြတွေ အသင်းဖော်တွေ သူငယ်ချင်းတွေ အေးဂျင့်တွေဆီကနေ အကြံညဏ် တောင်းယူသင့်တယ်။ ပြီးရင် ညာတောင်ပံနေရာမှာ ကစားတဲ့ ကစားသမားတွေရဲ့ ရုပ်သံတွေကို ကြည့်ပြီး လေ့လာရမယ်။”

“အဲ့ဒါတွေ လုပ်ဆောင်ပြီး သူရဲ့ ခြေစွမ်းပိုင်းက ဘာမှ တိုးတက်လာခြင်း မရှိသေးဘူးဆိုရင်တော့လည်း သူ့ကို ရှင်းလင်းလိုက်ရပါတော့မယ်။ နောက်ပြီး သူ့အနေနဲ့ စိတ်ပိုင်းဆိုင်ရာကို အရင်ဆုံး ပြင်ဆင်ဖို့ လိုအပ်နေပြီး ဝေဖန်မှုတွေကို ဘယ်လို ကိုင်တွယ် ဖြေရှင်းမလဲဆိုတာပါ အဖြေရှာရမယ်။ ဒါတွေကို ပြင်ဆင်နိုင်ရင် သူက အသင်းအတွက် အကောင်းဆုံး ကစားသမား ဖြစ်လာမှာပါ။” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။