ကဲ အပတ်စဉ် တင်ဆက်ပေးနေကြ ဘာဘာတော့ဗ်ရဲ့ ပရီးမီးယားလိဂ် ပွဲကြို သုံးသပ်ချက်တွေကို တင်ဆက်ပေးရမယ့် အချိန်အခါ ကျရောက်လာပါပြီ။ ဒီတပတ်မှာ မန်ချက်စတာ စီးတီးနဲ့ လီဗာပူးပွဲလို ပွဲကြီးပွဲကောင်း ရှိနေတာကြောင့် ဘာဘာတော့ဗ် တယောက် ဘယ်လို ခန့်မှန်းချက်တွေ လုပ်ထားမလဲ ဆိုတာ အတူတူ ဖတ်ရှုကြည့်လိုက်ရအောင်ဗျာ…။

Photo Credit: The Analyst

မန်ချက်စတာ စီးတီးနဲ့ လီဗာပူး (စနေနေ့ည ၇နာရီ)

ကျွန်တော်ကတော့ ဒီတပတ်မှာ မန်ချက်စတာ စီးတီးက လီဗာပူးကို အနိုင်ယူသွားလိမ့်မယ် ဆိုတဲ့ ခံစားချက်မျိုး ရနေပါတယ်။ ဘာကြောင့်လဲဆိုတော့ စီးတီးရဲ့ ကစားသမားတွေက အရမ်းကို အရည်အသွေး ပြည့်ဝကြလို့ပါ။ လီဗာပူးရဲ့ ခံစစ်ကြောင်းက စီးတီးရဲ့ ခံစစ်ကြောင်းထက် ပိုပြီး ယိုယွင်းနေပါတယ်။ အဲ့ဒီအချက်ကြောင့်ပဲ စီးတီးက ဒီပွဲကို နိုင်မှာပါ။ လီဗာပူးအကြောင်း ပြောရရင်တော့ ဒီရာသီမှာ သူတို့အသင်း ရလဒ်ကောင်းတွေ ရနေတဲ့ အပေါ် မအံ့ဩမိပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့အသင်းမှာ ကလော့ပ်နဲ့ ဆာလာတို့ ရှိနေလို့ပါ။ ဒီအချိန်မှာ လီဗာပူးက ရမှတ်တွေ စုဆောင်းထားနိုင်သလို လမ်းကြောင်းမှန်ပေါ်လည်း ပြန်ရောက်နေပါတယ်။ ကျွန်တော်က ဒီပွဲကို သရေပွဲလို့ ခန့်မှန်းချင်ပေမယ့် စီးတီးကပဲ နိုင်သွားမယ်လို့ ပြောချင်ပါတယ်။

ခန့်မှန်းရလဒ် – မန်စီးတီး ၃-၁ လီဗာပူး

Photo Credit: Sporting News

နယူးကာဆယ်နဲ့ ချယ်လ်ဆီး (စနေနေ့ည ၉နာရီခွဲ)

ချန်ပီယံလိဂ်ပွဲတွေက နယူးကာဆယ်ကို အခက်အခဲတွေနဲ့ ကြုံရအောင် လုပ်နေပါတယ်။ ချန်ပီယံလိဂ်ပွဲတွေကြောင့်ပဲ နယူးကာဆယ်မှာ ဒဏ်ရာရ ကစားသမားတွေ များနေတာပါ။ ဒါကြောင့် နယူးကာဆယ်က ဉာဏ်ကောင်းဖို့ လိုနေပါပြီ။ တဖက်မှာတော့ ချယ်လ်ဆီးက တပွဲထက် တပွဲ ပိုပို ကောင်းလာနေပါတယ်။ သူတို့က စီးတီးနဲ့ပွဲမှာလည်း သူတို့အသင်း ဘာတွေ လုပ်နိုင်လဲ ဆိုတာကို သက်သေပြပြီးပါပြီ။ ဒါကြောင့် ကျွန်တော်က ဒီပွဲကို သရေပွဲလို့ပဲ မှန်းချင်ပါတယ်။

ခန့်မှန်းရလဒ် – နယူးကာဆယ် ၁-၁ ချယ်လ်ဆီး

Photo Credit: 90 Min

ဘရန့်ဖို့ဒ်နဲ့ အာဆင်နယ် (တနင်္ဂနွေနေ့ မနက် ၁၂နာရီ)

အသင်းငယ်က အသင်းကြီးကို နိုင်တဲ့ ပုံပြင်မျိုးကို ကြိုက်ပါတယ်။ ဒါပေမယ့် ဒီပွဲမှာတော့ ကျွန်တော်က အာဆင်နယ် အနိုင်နဲ့ပဲ နေချင်ပါတယ်။ တကယ်လို့ အာဆင်နယ်ကသာ ဉာဏ်ကောင်းကောင်းနဲ့ ဘောလုံးပေးမယ် ၊ နေရာပြန်ယူမယ် ၊ ပြီးတော့ အခွင့်အရေးတွေ ဖန်တီးမယ် ၊ ဂိုးသွင်းမယ် စတဲ့ အချက်တွေကို အလွယ်လေး လုပ်နိုင်ခဲ့ရင် သူတို့တွေ နိုင်မှာပါပဲ။ သူတို့က ဘရန့်ဖို့ဒ် ကစားသမားတွေရဲ့ အနိုင်ကျင့်တာကို မခံရဖို့ လိုပါတယ်။ စီးတီးနဲ့ လီဗာပူးတို့ ဒီတပတ်မှာ ဆုံတွေ့နေကြလို့ ဒီပွဲက မီခေး အာတီတာ အတွက် အရေးကြီးတဲ့ပွဲပါ။

ခန့်မှန်းရလဒ် – ဘရန့်ဖို့ဒ် ၀-၂ အာဆင်နယ်

Photo Credit: Standard

အဲဗာတန်နဲ့ မန်ချက်စတာ ယူနိုက်တက် (တနင်္ဂနွေနေ့ည ၁၁နာရီ)

ဒီပွဲက စိတ်ဝင်စားစရာပွဲပါ။ အဲဗာတန်က ရမှတ် ၁၀မှတ် လျှော့ခံထားရလို့ တန်းဆင်းဇုန်ထဲ ရောက်သွားပါပြီ။ သူတို့ကသာ ဒီပွဲမှာ အနိုင်ရခဲ့ရင် ဒါက သူတို့တွေကို ယုံကြည်ချက် မြင့်သွားစေပါလိမ့်မယ်။ တဖက်မှာတော့ ယူနိုက်တက်က ဒဏ်ရာရ ကစားသမားတွေ အများကြီး ရှိနေတာကြောင့် ဒီပွဲမှာ ခက်ခက်ခဲခဲ ကစားရမှာပါ။ အသင်းပိုင်ရှင်က ကိုယ့်ရဲ့ အသင်းကို ကောင်းကောင်းမွန်မွန် စီမံခန့်ခွဲနိုင်ရပါမယ်။ အဲ့ဒီလို မစီမံနိုင်ခဲ့တော့ အခုလို ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ကျခံခဲ့ရပါတယ်။ အခုတော့ ကစားသမားတွေက အသင်းကို တန်းဆင်းဇုန်ထဲကနေ ဆွဲထုတ်နိုင်ဖို့ ကြိုးစား ကစားရမယ့် အချိန်ကို ရောက်ပါပြီ။ အဲဗာတန် ကစားသမားတွေက ရမှတ်လျှော့ပြစ်ဒဏ် အတွက် ဒေါသထွက်နေမှာ အသေအချာပါပဲ။ ဒါကြောင့်ပဲ သူတို့တွေက ယူနိုက်တက်နဲ့ပွဲမှာ အသေအလဲ ကြိုးစားကြမှာပါ။ ကျွန်တော်ကတော့ ယူနိုက်တက်မှာ ဒဏ်ရာရ ကစားသမား များပြားနေတဲ့ အချက်ကြောင့် ဒီပွဲမှာ အဲဗာတန်တို့ အနိုင်ရသွားနိုင်တယ်လို့ ထင်ပါတယ်။ ပြီးတော့ ပရိသတ်တွေကလည်း အသင်းနဲ့ တသားထဲ ရှိနေကြောင်း ပြမှာ ဖြစ်လို့ ဒီညမှာ ဂွတ်ဒီဆင်ပါတ်ကွင်းကြီးက ရူးလောက်စရာ အခြေအနေမျိုးတွေနဲ့ ပြည့်နှက်နေနိုင်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ကလည်း အဲဗာတ်နဲ့ တွေ့ဆုံတိုင်း ရလဒ်ကောင်းတွေ ရတတ်ပါတယ်။ ဒါကြောင့် ကျွန်တော်က ဒီပွဲကိုလည်း သရေပွဲလို့ပဲ မှန်းချင်ပါတယ်။

ခန့်မှန်းရလဒ် – အဲဗာတန် ၁-၁ မန်ချက်စတာ ယူနိုက်တက်

Photo Credit: Bet Fair

အခြားပွဲများအတွက် ခန့်မှန်းရလဒ်များ

ဘန်လေ ၂-၁ ဝက်စ်ဟမ်း

လူတန် ၂-၁ ခရစ္စတယ် ပဲလေ့စ်

နော်တင်ဟမ် ဖောရက်စ် ၁-၁ ဘရိုက်တန်

ရှက်ဖီးလ် ၁-၀ ဘုန်းမောက်

စပါး ၃-၁ ဗီလာ

ဖူလ်ဟမ် ၂-၁ ဝုလ်ဗ်