ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်တဲ့ ဝါရင့် တိုက်စစ်မှူး ဘန်ဇီမာက ဆော်ဒီစူပါလိဂ်ရဲ့ ချန်ပီယံ အဖြစ် အောင်ပွဲခံထားတဲ့ အယ် အီတီဟတ်ဆီ ပြောင်းရွှေ့ဖို့ အပြီးသတ် သဘောတူညီမှု ရခဲ့ကြောင်း ယုံကြည် စိတ်ချရတဲ့ နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၃၅နှစ် အရွယ် ပြင်သစ်လက်ရွေးစင် ဝါရင့် တိုက်စစ်မှူး ကာရင် ဘန်ဇီမာက ရီးရဲလ်မက်ဒရစ်နဲ့ ယခုနှစ် ဘောလုံးရာသီ အကုန်မှာပဲ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမား တဦး ဖြစ်ပြီး ကနဦးမှာ ဘန်ဇီမာက ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ဆန္ဒရှိခဲ့ပါတယ်။

Photo Credit: Goal

ဒါပေမယ့် ဆော်ဒီလိဂ်ရဲ့ တာဝန်ရှိသူတွေက ဘန်ဇီမာရဲ့ အေးဂျင့်ထံ မက်မောလောက်စရာ ကမ်းလှမ်းမှုမျိုးနဲ့ ကမ်းလှမ်းလာချိန်မှာတော့ ဘန်ဇီမာက အသင်းပြောင်းဖို့ စတင် စဉ်းစားခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကလည်း အသင်းခေါင်းဆောင် ဘန်ဇီမာကို အသင်းကနေ ထွက်ခွာလိုက ထွက်ခွာခွင့် ပြုကြောင်း အသိပေးခဲ့ပါတယ်။

ဒါကြောင့်ပဲ ဘန်ဇီမာက ရီးရဲလ်မက်ဒရစ်ကို စွန့်ခွာကာ ဆော်ဒီစူပါလိဂ် ချန်ပီယံ အယ် အီတီဟတ်ဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး ဆော်ဒီလိဂ်မှာတော့ ဘန်ဇီမာက သူ့ရဲ့ သူငယ်ချင်းဟောင်း ရိုနယ်ဒိုနဲ့ ပြိုင်ဘက်တွေ အဖြစ် ကစားရတော့မှာပါ။

Photo Credit: Football Transfer

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အယ် အီတီဟတ်က ဘန်ဇီမာကို ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့တာ ဖြစ်ပြီး ဘန်ဇီမာဟာ အယ် အီတီဟတ်မှာ တနှစ် လုပ်ခလစာ ယူရို ၂၀၀သန်း ဝန်းကျင် (လုပ်ခလစာ + သူ့ရဲ့ ပုံရိပ်အသုံးပြုခွင့်) ရရှိမယ်လို့ သိရပါတယ်။

ဘန်ဇီမာက အယ် အီတီဟတ်နဲ့ ယူရို ၄၀၀သန်း ဝန်းကျင် တန်ကြေး ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုပြီးနောက် ကမ္ဘာပေါ်မှာ ဒုတိယမြောက် လုပ်ခလစာ အများဆုံး ဘောလုံးသမား အဖြစ် မှတ်တမ်းဝင်ခဲ့ကာ ကမ္ဘာပေါ်မှာ လုပ်ခလစာ အများဆုံး ကစားသမားကတော့ ဘန်ဇီမာရဲ့ အသင်းဖော်ဟောင်း ရိုနယ်ဒို ဖြစ်ပြီး ရိုနယ်ဒိုက အယ် နက်ဆာမှာ တနှစ် လုပ်ခလစာ ယူရို ၂၅၀သန်းနဲ့ ယူရို ၃၀၀သန်းကြား (လုပ်ခလစာ ယူရို ၂၀၀သန်း + ပုံရိပ်အသုံးပြုခွင့်) ရရှိနေသူပါ။