ခရစ္စတီယာနို ရော်နယ်လ်ဒိုက အင်တာဗျူးတစ်ခုမှာ သူဟာ ဘောလုံးလောကရဲ့ အပြီးပြည့်စုံဆုံးသော ကစားသမား ဖြစ်သလို သူပိုင်ဆိုင်ထားတဲ့ အရည်အချင်းတွေကြောင့် သူ့ကို လီယွန်နယ် မက်ဆီ၊ ဒီယေဂို မာရာဒိုနာနဲ့ ပီလီတို့လို ကစားသမားတွေထက် သူ့ကို အဆင့်တစ်ခုမှာ သတ်မှတ်နိုင်တယ်လို့ ဆိုလိုက်တာကြောင့် ပွဲဆူသွားခဲ့ရပါတယ်။
ဒီပြောဆိုမှုအပေါ် သဘောတူ လက်ခံမှုတွေ သဘောမကျ လက်မခံဘဲ ငြင်းခုန်မှုတွေ ရှိလာခဲ့ပြီး ဘာလွန်းဒေါဆု (၈)ကြိမ်အထိ ရထားတဲ့ မက်ဆီထက် ဘာလွန်းဒေါဆု (၅)ကြိမ်သာ ရထားသလို ကမ္ဘာ့ဖလားလည်း မရဖူးသေးတဲ့ ရော်နယ်လ်ဒိုက သာလွန်နေစရာ မရှိဘူးလို့ပါ မှတ်ချက်ပြုလာကြပါသေးတယ်။
Photo Credit : Goal
အခုလည်း ရော်နယ်လ်ဒိုနဲ့အတူ ရီးယဲလ် မက်ဒရစ်အသင်းမှာ နှစ်ပေါင်းများစွာ တွဲဖက်ကစားခဲ့ဖူးသလို ဆော်ဒီလိဂ်ရဲ့ ကစားသမားတွေလည်းဖြစ်တဲ့ ကာရန် ဘန်ဇီမာက သူ့အသင်းဖော်ဟောင်း ရော်နယ်လ်ဒို ပြောဆိုထားတဲ့ စကားနဲ့ ပတ်သက်ပြီး သူ့အမြင်တွေကို ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။
“လူတိုင်းကတော့ သူတို့ လိုချင်တာကို ပြောနိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ သူက သူ့ကိုယ်သူ ဘောလုံးသမိုင်းမှာ အကောင်းဆုံး ကစားသမားလို့ ထင်တယ်ဆိုရင် သူဟာ အကောင်းဆုံးပါပဲ။ ဥပမာ ကျွန်တော့်အတွက်တော့ အကောင်းဆုံးက ဘရာဇီးလ်က ရော်နယ်လ်ဒိုပါပဲ။” လို့ ဘန်ဇီမာက TNT Sports Brazil မှာ ပြောကြားခဲ့ပါတယ်။
Photo Credit : Goal
ရော်နယ်လ်ဒို ရီးယဲလ်ကနေ ထွက်ခွာသွားပြီးနောက်ပိုင်း ရီးယဲလ်ရဲ့ သွင်းဂိုးတာဝန်တွေကို အဓိက ထမ်းပိုးရရင်းနဲ့ ဘာလွန်းဒေါဆုရှင်ပါ ဖြစ်ခဲ့တဲ့ ဘန်ဇီမာက မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ ဘယ်သူက GOAT လဲဆိုတာ ရွေးချယ်ရခြင်းအပေါ် “ကစားသမားတွေကြားမှာ နှိုင်းယှဉ်မှုတွေ လုပ်ရတာကို မကြိုက်ပါဘူး။ တစ်ယောက်ချင်းစီမှာ သူတို့ရဲ့ ကိုယ်ပိုင် အရည်အသွေးတွေ အရည်အချင်းတွေ ရှိပါတယ်။ ရော်နယ်လ်ဒိုမှာလည်း သူ့ရဲ့ ကိုယ်ပိုင် talent တွေ ကိုယ်ပိုင် story တွေ ရှိပါတယ်။ အဲဒါက အရမ်းကောင်းပါတယ်။” လို့ ဆိုလိုက်ပါတယ်။
လက်ရှိမှာတော့ ဘန်ဇီမာဟာ ရော်နယ်လ်ဒိုနောက်ပိုင်းမှ ဆော်ဒီလိဂ်ဆီကို ရောက်လာခဲ့တာ ဆိုပေမယ့်လည်း ဒီရာသီထဲမှာ ဘန်ဇီမာရဲ့ အယ်လ်အစ်တီဟတ်အသင်းက လက်ရှိချန်ပီယံ အယ်လ်ဟီလာကိုရော ရော်နယ်လ်ဒိုရဲ့ အယ်လ်နာဆာကိုပါ ကျော်ဖြတ်ပြီး ဆော်ဒီလိဂ် ချန်ပီယံ ဖြစ်လာဖို့ အတော်လေး အခြေအနေကောင်းနေပါတယ်။