ပရီးမီးယားလိဂ်ရဲ့ တိုက်စစ်မှူးဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် ရံဖန်ရံခါ လုပ်ကိုင်နေတဲ့ ဒါရင်းဘန့်က ယခု ရက်ပိုင်းအတွင်းမှာပဲ ဘရန့်ဖို့ဒ်ကနေ အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရခဲ့တဲ့ စပိန်ဂိုးသမား ဒေးဗစ် ရာယာဟာ အာဆင်နယ်ဆီ မပြောင်းပဲ ချယ်လ်ဆီးဆီ ပြောင်းရွှေ့သင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

အသက် ၂၇နှစ် အရွယ် စပိန်လက်ရွေးစင် ဂိုးသမား ဒေးဗစ် ရာယာက ဘရန့်ဖို့ဒ်နဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့သလို စာချုပ်သစ် ချုပ်ဆိုဖို့ ငြင်းဆန်ထားသူ ဖြစ်ပြီး သူက ယခု နွေဈေးကွက် အတွင်းမှာပဲ ထိပ်တန်းအသင်း တသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားသူပါ။

Photo Credit: Sky Sports

ရာယာက ဘရန့်ဖို့ဒ်နဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လက်စွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းမှာ ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်နဲ့ အာဆင်နယ်တို့က သူ့ကို ခေါ်ယူဖို့ အပြိုင် ချဉ်းကပ်ခဲ့ကြပြီး ရာယာကတော့ သူ့ကို အငှားနဲ့သာ ခေါ်ယူဖို့ ကြိုးစားခဲ့တဲ့ ဘိုင်ယန်မြူးနစ်ကို ငြင်းဆန်ကာ အာဆင်နယ်ဆီ ပြောင်းဖို့ ခေါင်းညိတ်ခဲ့ပါတယ်။

လက်ရှိမှာတော့ အာဆင်နယ်က ရာယာကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူနိုင်ထားနိုင်သလို ရာယာအတွက် ဘရန့်ဖို့ဒ်နဲ့ တရားဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး ဘရန့်ဖို့ဒ်ကတော့ သူတို့ရဲ့ နံပါတ်တစ် ဂိုးသမား ရာယာအတွက် ပေါင် ၄၀သန်း လိုချင်ကြောင်း တရားဝင် ပြောကြားထားပါတယ်။

Photo Credit: Metro

ရာယာက အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေချိန်မှာ ဗီလာတိုက်စစ်မှူးဟောင်း ဒါရင်းဘန့်ကတော့ ရာယာဟာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ မသေချာတဲ့ အာဆင်နယ်အစား ဂိုးသမားသစ် တဦး ခေါ်ယူဖို့ ကြိုးစားနေတဲ့ ချယ်လ်ဆီးဆီ ပြောင်းရွှေ့သင့်ပြီး ချယ်လ်ဆီးကိုသာ ရောက်သွားရင် ရာယာဟာ နံပါတ်တစ် ဂိုးသမား ဖြစ်လာဖို့ ရာခိုင်နှုန်း များကြောင်း အကြံပေးလာခဲ့ပါတယ်။

ဒါရင်းဘန့်က – “ဒေးဗစ် ရာယာက ကီပါထက် ပိုကောင်းတဲ့ ဂိုးသမားပါ။ ဘာကြောင့် ချယ်လ်ဆီးက သူ့ကို ခေါ်ဖို့ မကြိုးစားရမှာလဲ။ ပြီးတော့ ရာယာက​လည်း “ဘာလို့ ငါက အာဆင်နယ်ဆီ သွားပြီး ရမ်စဒဲလ်ရဲ့ အရန်လုပ်မှာလဲ။ ချယ်လ်ဆီးဆီ သွားပြီး နံပါတ်တစ် ဂိုးသမား လုပ်မှာပေါ့” ဆိုပြီး ဘာလို့ မတွေးရမှာလဲ။ အခုချိန်မှာ အာဆင်နယ်က ရာယာကို ခေါ်ယူဖို့ အလုံးစုံ သဘောတူညီမှု မရသေးပါဘူး။ ကျွန်တော်သာ ချယ်လ်ဆီးရဲ့ တာဝန်ရှိသူ ဆိုရင် ရာယာကို ခေါ်ယူဖို့ အစွမ်းကုန် ကြိုးစားသွားမှာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။