ပရီးမီးယားလိဂ်ရဲ့ တိုက်စစ်မှူးဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဒါရင်းဘန့်ကတော့ ဘရိုက်တန်နည်းပြ ဂရေဟမ် ပေါ်တာဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် အဲရစ် တန်ဟက်ဂ်ထက် ပိုကောင်းတဲ့ နည်းပြတဦး ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၄၇နှစ် အရွယ် အင်္ဂလန်လူမျိုး နည်းပြဖြစ်သူ ဂရေဟမ် ပေါ်တာက ၂၀၁၉ခုနှစ်မှ စတင်ကာ ဘရိုက်တန်ကို တာဝန်ယူ ကိုင်တွယ်ခဲ့သူ တဦး ဖြစ်ပြီး သူ့ရဲ့ လက်ထက်မှာ ဘရိုက်တန်ရဲ့ ခြေစွမ်းတွေဟာ တဟုန်ထိုး တိုးတက်လာခဲ့ပြီး ယခုနှစ် ဘောလုံးရာသီမှာဆိုရင် ဘရိုက်တန်ဟာ အသင်းကြီးတွေကိုတောင် ဒုက္ခပေးနိုင်စွမ်း ရှိတဲ့ ဖျက်မြင်းအသင်း တသင်း အဆင့်ကို ရောက်ရှိနေပါပြီ။

Photo Credit: Daily Star

တဖက်မှာတော့ နယ်သာလန်လူမျိုး နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယခု နွေဈေးကွက် အတွင်းမှာ အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာသူ ဖြစ်ပြီး တန်ဟက်ဂ်ရဲ့ လက်အောက်မှာ မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ် ၄ပွဲ ကစားထားရာ ၂ပွဲနိုင် ၊ ၂ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ ရှုံးပွဲ ၂ပွဲမှာ ဂရေဟမ် ပေါ်တာရဲ့ ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲလည်း ပါဝင်နေပါတယ်။

ဒါကြောင့်ပဲ Talk Sport သတင်းဌာနရဲ့ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဒါရင်းဘန့်ကတော့ ဂရေဟမ် ပေါ်တာဟာ ထိပ်သီးအသင်း တသင်းရဲ့ နည်းပြတဦး ဖြစ်ဖို့ အရည်အချင်း ပြည့်မီသူ ဖြစ်ကြောင်းနဲ့ ပေါ်တာဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် အဲရစ် တန်ဟက်ဂ်ထက် ပိုကောင်းကြောင်း ချီးကျူးသွားခဲ့ပါတယ်။

Photo Credit: Daily Star

ဒါရင်းဘန့်က – “ကျွန်တော်ကတော့ ဂရေဟမ် ပေါ်တာဟာ ထိပ်သီးအသင်း တသင်းကို ကိုင်တွယ်ဖို့ အတွက် လိုအပ်တဲ့ အရည်အချင်းတွေ ရှိရုံသာမကပဲ ပိုတောင် ပိုနေသေးတဲ့ နည်းပြတဦးလို့ မြင်ပါတယ်။ တကယ်လို့ အာတီတာသာ အာဆင်နယ်ကနေ ထွက်သွားမယ် ဆိုရင် ကျွန်တော်က သူ့ကို အာဆင်နယ်နည်းပြ အဖြစ် ပျော်ပျော်ကြီး မြင်ချင်ပါတယ်။ ပြီးတော့ သူက အဲရစ် တန်ဟက်ဂ်ထက် ပိုကောင်းတဲ့ နည်းပြတဦးပါ” လို့ ပြောကြားသွားခဲ့တာလည်း ဖြစ်ပါတယ်။