လိုက်ပ်ဇစ်အသင်းရဲ့ ဆလိုဗေးနီးယား တိုက်စစ်ကစားသမား ဘင်ဂျမင် ဆက်စ်ကိုကတော့ သူ့ကို အလိုရှိနေတဲ့ ကလပ်အသင်းတွေထဲကမှ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ကစားဖို့အတွက်ကိုသာ ရွေးချယ်လိုက်တယ်လို့ နာမည်ကြီး ဗြိတိန်သတင်းမီဒီယာ The Mirror ကနေ ဖော်ပြလာခဲ့ပါတယ်။

ဒီရာသီမှာ စွမ်းဆောင်ရည်ကောင်းတစ်ခုကို ပြသနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ကပ်သီးလေး လွဲချော်ခဲ့ရတဲ့ အာဆင်နယ်အသင်းဟာ လာမယ့်ရာသီမှာ ပိုမို တောင့်တင်းတဲ့ အနေအထားမျိုး ဖြစ်နေစေဖို့အတွက် ထိပ်တန်း ကစားသမားတချို့ကို ခေါ်ယူ ဖြည့်တင်းသွားဖို့ စီစဉ်လာခဲ့ပါတယ်။

Photo Credit : Transfermarket

အာဆင်နယ်က လာမယ့်နွေမှာ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် အဓိက ဦးစားပေး ဖြည့်တင်းသွားဖို့ ရှိနေပြီး အထောင်တိုက်စစ်နေရာအတွက်ကို ပိုမို ဦးစားပေးဖွယ် ရှိနေပါတယ်။ အဲ့ဒီအတွက် နယူးကာဆယ် တိုက်စစ်မှူး အီဆက်ခ် ၊ လိုက်ပ်ဇစ် တိုက်စစ်မှူး ဆက်စ်ကို ၊ အေဂျက်စ် တိုက်စစ်မှူး ဘရော်ဘီနဲ့ ဘရန့်ဖို့ဒ် တိုက်စစ်မှူး တိုနေးတို့ကို ပစ်မှတ်ထားနေပြီး လက်ရှိမှာတော့ ဆက်စ်ကိုက အာဆင်နယ်ဆီ ရောက်ရှိဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေပါတယ်။

အရပ်အမောင်း မြင့်မားပြီး အသက် ငယ်ရွယ်သေးတဲ့ အသက် (၂၀)အရွယ် တိုက်စစ်မှူး ဆက်စ်ကိုဟာ ဆာလ်ဇ်ဘာ့ဂ်မှာ ကစားနေစဉ်ကတည်းက ဥရောပ ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့တာဖြစ်ပြီး လိုက်ပ်ဇစ်နဲ့အတူ ဘွန်ဒက်စ်လီဂါမှာ ဖြတ်သန်းစဉ်မှာလည်း သူ့ကို ယူနိုက်တက် အာဆင်နယ် ချယ်လ်ဆီးနဲ့ အေစီမီလန်တို့ကပါ အပြိုင်စိတ်ဝင်စားလာခဲ့ပါတယ်။

Photo Credit : Football Transfer

လိုက်ပ်ဇစ်ဘက်ကတော့ သူတို့အသင်းမှာ တစ်ရာသီသာ အသုံးပြုထားရသေးတဲ့ တိုက်စစ်မှူး ဆက်စ်ကို ကို အသင်းကနေ အလွယ်တကူ လက်မလွတ်သွားချင်ပဲ စာချုပ်ပါ အချက်အလက်တွေအရ စာချုပ်ဖျက်သိမ်းကြေး ပေါင် (၄၅)သန်း + အပိုဆုကြေးတို့နဲ့ ကမ်းလှမ်းလာမှသာ ရောင်းထုတ်သွားမှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ The Mirror ရဲ့ ဖော်ပြချက်အရ ဆက်စ်ကိုရဲ့ အေးဂျင့်ဖြစ်သူက သူ့ကစားသမားဟာ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ဖို့ ရွေးချယ်ထားတယ်ဆိုပြီး ဖော်ပြလာခဲ့တာကြောင့် အာဆင်နယ်အနေနဲ့ ဒီကစားသမားလေးကို ရရှိဖို့အတွက် ဦးစားပေး လုပ်ဆောင်ရနိုင်ပါတယ်။ ဆက်စ်ကို ကို ရရှိပြီးရင် ကွင်းလယ်လူ သောမတ်စ် ပါတေးနေရာအတွက် ကွင်းလယ်ကစားသမားသစ် တစ်ဦးကို ထပ်မံ ခေါ်ယူသွားရဖွယ် ရှိနေပါတယ်။