ချယ်လ်ဆီးအသင်းရဲ့ မော်ရိုကိုတောင်ပံကစားသမား ဟာကင်ဇီယက်ရှ်ဟာ အေဂျက်စ်အသင်းကနေ ချယ်လ်ဆီးအသင်းဆီကို မပြောင်းရွေ့ခင်စဉ်က စီးရီးအေကလပ် ရိုးမားအသင်းဆီ ပြောင်းရွှေ့ ကစားဖို့ စိတ်အားထက်သန်ခဲ့တယ်လို့ ရိုးမားနဲ့ မော်ရိုကို ကစားသမားဟောင်းကြီး ဘီနာတီယာက ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Sport News Africa

မော်ရိုကိုကြယ်ပွင့် ကစားသမား ဇီယက်ရှ်ဟာ အေဂျက်စ်အသင်းနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနေချိန်က သူ့ကို ဥရောပ ကလပ်အသင်းများစွာကနေ စိတ်ဝင်စားလာခဲ့ကြပြီး နောက်ဆုံးမှာတော့ ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဇီယက်ရှ်ဟာ ချယ်လ်ဆီးကို မပြောင်းရွှေ့ခင်က အီတလီ စီးရီးအေကလပ် ရိုးမားအသင်းမှာ ပါဝင်ကစားဖို့ကို ပိုမို စိတ်ဝင်စားခဲ့တယ်လို့ ဇီယက်ရှ်ရဲ့ မော်ရိုကိုအသင်းဖော်ဟောင်း နောက်ခံကစားသမားကြီး ဘီနာတီယာက ပြောဆိုလာခဲ့ပါတယ်။ ဇီယက်ရှ်နဲ့ ပတ်သတ်ပြီး ဘီနာတီယာက “သူ့ကို ကျွန်တော် ရိုးမားအသင်းဆီ ရောက်လာဖို့ ကြိုးစားခဲ့ဖူးပြီး သူကလည်း ဒီအသင်းဆီ ရောက်လာဖို့အတွက် စိတ်ဝင်စားခဲ့ပါသေးတယ်”

Photo Credit : Le Site Info

“ကျွန်တော် ဖရန်ဆစ်စကိုတော့တီ အီဒင်ဂျက်ကိုတို့နဲ့လည်း စကားပြောခဲ့သေးတယ်။ ဒါက သူတို့တွေ လိုချင်နေတဲ့ ကစားသမားလို့ ကျွန်တော် ပြောခဲ့ပါသေးတယ်။ ဖရန်ဆစ်စကိုကတော့ အသင်းရဲ့ ဒါရိုက်တာတစ်ယောက်အနေနဲ့ အပြောင်းအရွှေ့ကို အဆုံးသတ်နိုင်ဖို့အတွက် တတ်နိုင်သလောက် လုပ်ဆောင်ခဲ့ပေမယ့်လည်း ပါလော့တာ(ရိုးမားအသင်းဥက္ကဌ)ကတော့ ဇီယက်ရှ်ကို ခေါ်ယူဖို့က အလွန်အကျွံ အကုန်အကျများမယ့် ခေါ်ယူမှု ဖြစ်လိမ့်မယ်လို့ ပြောခဲ့ပြီး ဘယ်တော့မှ မရနိုင်ဘူးလို့လည်း ပြောခဲ့ပါသေးတယ်” လို့ ထွက်ဆ်ိုသွားခဲ့ပါတယ်။ လက်ရှိမှာ အသက်(၂၉)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဇီယက်ရှ်ဟာ သူရဲ့စီနီယာ ကစားသမားဘဝကို နယ်သာလန်ကလပ် ဟီရန်ဗင်းအသင်းမှာ စတင်ခဲ့တာဖြစ်ပြီး အဲ့ဒီကမှ FCတွမ်တီးအသင်းဆီ ရောက်ရှိခဲ့သလို တွမ်တီးကနေ အေဂျက်စ်အသင်းဆီကို ထပ်မံ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ အေဂျက်စ်မှာ (၄)ရာသီ ပါဝင်ကစားပြီး (၄၉)ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ဇီယက်ရှ်ဟာ ၂၀၂၀ခုနှစ် နွေရာသီမှာပဲ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ဖြစ်ခဲ့ရပါတယ်။ အသင်းနဲ့ ပွဲဦးထွက်တဲ့ ဘောလုံးရာသီမှာပဲ ချန်ပီယံလိဂ်ဖလားကို ပိုင်ဆိုင်ခဲ့ရတဲ့ ဇီယက်ရှ်ဟာ လက်ရှိမှာတော့ သူရဲ့ ချယ်လ်ဆီးကစားသမားဘဝ အနာဂတ်က မရေမရာ ဖြစ်နေရပြီး လာမဲ့နွေမှာ အသင်းနဲ့ လက်တွဲဖြုတ်ရဖွယ်လည်း ရှိနေပါတယ်။